...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

လမ်းဦးစီးဌာန / သတင်းများ


ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုစနစ်တကျရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဇွန် ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုနှင့် တိုးလ်ဂိတ်၌ ဝန်ထမ်းများ တာဝန်ချထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

တက်ရောက်

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်တံတားအမှတ်-၃ အနီးရှိ PMU ရုံး၏ အစည်းအဝေးခန်းမ၌ကျင်းပသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှု စနစ်တကျရှိစေရေး၊ ငွေကြေးလေလွင့်မှုမရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တံတားကြီးပေါ်၌ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရာတွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး၊ ဆလိုက်မီးများတပ်ဆင်နိုင်ရေး၊ တံတားပေါ်ဖြတ်သန်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ဗီနိုင်းဖြင့် အသိပေးဆိုင်းဘုတ်တပ်ဆင်ရေးနှင့် ယာဉ်ဖြတ်သန်းခကောက်ခံရရှိငွေများ ပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက တံတားကြီးပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များစည်းကမ်းတကျ သွားလာနိုင်ရေး၊ တံတားပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ကျော်စိုးက ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) အတွက် ယာဉ်ဖြတ်သန်းသွားလာမှု အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ တက်ရောက်လာကြသူများက တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်အနီးရှိ EV Charging Station တွင် လျှပ်စစ်မော်တော်ယာဉ်များ ဓာတ်အားဖြည့်သွင်းနေမှုနှင့် ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအနီးရှိ EV Charging Station တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

  Jun 20 2024