...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်ကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဉာဏသိဒ္ဓိရေကစားမဏ္ဍပ်၌ကျင်းပသည်။

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့်ဇနီး၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဌာနကြီးမှူးများ၊ ဝန်ထမ်းမိသားစုများ၊ နိုင်ငံကျော်အဆိုတော်များ၊ ယိမ်းအကအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြိုရေကစားမဏ္ဍပ်ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံကျော်အဆိုတော်များက မြန်မာ့ရိုးရာတေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ယိမ်းအကအလှအဖွဲ့များမှ “မြူမှောင်ဝေကင်း”သီချင်း၊ “ဆောက်လုပ်ရေးမှကြိုနေမယ်” သီချင်းနှင့် “မန်းတောင်ရိပ်ခို” တေးသီးချင်းများဖြင့်လည်းကောင်း၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ယိမ်းအကအဖွဲ့များက ရိုးရာတေးသီချင်းများဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပါသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဉာဏသိဒ္ဓိ ရေကစားမဏ္ဍပ်၌ ယနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ်အဆိုတော်များ၊ ယိမ်းအကအဖွဲ့များက အလှည့်ကျသီဆိုကပြဖျော်ဖြေတင်ဆက်ခြင်း၊ ရေကစားခြင်းများနှင့် စတုဒိသာအကျွေးအမွေးများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

  Apr 22 2024