ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းများနှင့် တက္ကသိုလ်များတွင် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်တည်ဆောက်လျက်ရှိသည့် အရာထမ်းကြီး၊ အရာထမ်းနှင့် အမှုထမ်းအိမ်ရာများ တည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းခွင်တွင် ဝန်ထမ်းအိမ်ရာ ၂၆ လုံး စုစုပေါင်း အခန်း ၃၈၆ ခန်းနှင့် ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ Recreation Center ၁၈၆ ပေx ပေ ၁၆၀ အဆောက်အအုံများ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့်အတူ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အဆောက်အအုံများ တည်ဆောက်ရာတွင် Myanmar National Building Code 2025 ကို ထုတ်ပြန်ထားပြီးဖြစ်၍ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် ငလျင်ဒဏ်ခံနိုင်စေရေး ထည့်သွင်းတည်ဆောက်သွားရန်၊ အသုံးပြုသည့်ပစ္စည်းများ၏ အရည်အသွေးများ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်သွားမှသာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့များကလည်း လုပ်ငန်းစဉ်အဆင့်လိုက် စစ်ဆေးဆောင်ရွက်ရမည့်အတိုင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံများ အရည်အသွေးနှင့် လက်ရာ လက်သား ကောင်းမွန်စေရေး သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီးစေရေးတို့ကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး လမ်း၊ ရေနှင့် လျှပ်စစ်မီးစသည့် Infrastructure များ တစ်ပြိုင်နက်ပြီးစီးအောင် ဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်ပင်မဆောင် မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမနှင့် Recreation Center ၁၈၆ ပေx ပေ ၁၆၀ အဆောက်အအုံ အချောသပ်တည်ဆောက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုပြီး ရေသန့်၊ လျှပ်စစ်စသည့် လုပ်ငန်းများလည်း တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
Aug 13 2026