ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်း CMP စနစ်ဖြင့် ကင်မရာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိ
နေပြည်တော် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်းရှိ အဆင့်မြင့်နည်းပညာသုံးစက်ရုံများ၊ Burst Transmission Co.,Ltd. ၌ CMP စနစ်ဖြင့် ကင်မရာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှု၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လုပ်ငန်းဆောင်ရွက်ထားမှု၊ စက်ရုံများ လည်ပတ်နေမှုနှင့် လမ်းတည်ဆောက်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
အလားတူ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွင်း သစ်ပင်များ စိုက်ပျိုးပြီးစီးမှု၊ စက်မှုဇုန်တွင် စက်ရုံများလုပ်ငန်းလည်ပတ်နေမှု၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ရေပေးဝေရေး ဆောင်ရွက်ထားရှိမှု၊ စက်မှုမြေကွက်များအတွင်း လမ်းအသစ်ဖောက်လုပ်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအစည်းအဝေးခန်းမသို့ ရောက်ရှိရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်းဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများဆောင် ရွက်ခြင်းမပြုရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း၊ မူဝါဒ များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့ပြင် မန္တလေး - လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းအဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လမ်းဘေးတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး၊ လမ်းဘေးဝဲ/ယာ၌ အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိရေး မှာကြားခဲ့ကြောင်း သိရသည်။
Aug 11 2026