...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Charging Station များ ဆောက်လုပ်နေမှု၊ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)နှင့် ဦးစီးဌာနအလိုက် သုတေသနဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၂

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၌ Essential Motors Co.,Ltd မှ Charging Station တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြေပြင်လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် သတ်မှတ်ချိန် အချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးအနေဖြင့် လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌ Chin Dwin Shan Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက Transformer တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဟန်ချက်ညီဆောင်ရွက်၍ သတ်မှတ်ချိန် အချိန်မီပြီးစီးရေးမှာကြားပြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေး၌ Asia Pacific Automaker Corporation Co.,Ltd နှင့် လှိုင်သာယာမြို့နယ် ဒဂုံ- ဧရာအဝေးပြေးယာဉ်ရပ်နားစခန်း၌ Myanmar Brilliance Auto Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုတို့ကို ဆက်လက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

Charging Stations များကို Pilot Project၏ ကနဦးအဆင့်အနေဖြင့် နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ စုစုပေါင်း ၁၉ နေရာကို ဆောင်ရွက်သွားရန် ကုမ္ပဏီကိုးခုကို တာဝန်ခွဲဝေသတ်မှတ်ပေးခဲ့ပြီး မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း အပြီး တည်ဆောက်မည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်း ကျောင်း(သုဝဏ္ဏ)သို့ရောက်ရှိရာ တာဝန်ရှိသူများက သင်တန်းကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက သင်တန်းကျောင်းအဆင့်မြှင့်တင်မည့် ဖွဲ့စည်းပုံဆိုင်ရာကိစ္စ၊ သင်တန်းကျောင်းဧရိယာ နယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်သူများမရှိစေရေး၊ သင်တန်းကျောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်နှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်မည့် သင်တန်းဆိုင်ရာလျာထားချက်များအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန စသည့်ဦးစီးဌာနအလိုက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲသို့ သွားရောက်ပြီး ကတ္တရာစမ်းသပ်ခြင်း၊ ကတ္တရာကွန်ကရစ် အင်အားစမ်းသပ်ခြင်း၊ ကတ္တရာကွန်ကရစ်မျက်နှာပြင် ဘီးလမ်းကြောင်းရာတစ်လျှောက် နစ်ဝင်မှု (Rutting Test) စမ်းသပ်ခြင်း၊ ဘိလပ်မြေနှင့် ဘိလပ်မြေကရစ်စမ်းသပ်ခြင်း၊ မြေသားစမ်းသပ်ခြင်း၊ လမ်းတည်ဆောက်ခြင်းနှင့်ဆိုင်သော သုတေသနပြုဆောင်ရွက်သည့် ဓာတ်ခွဲခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

  Mar 13 2023