လမ်းဦးစီးဌာန / သတင်းများ
လမ်း၊ တံတားများ မွမ်းမံပြင်ဆင်မှု၊ Charging Station များ ဆောက်လုပ်နေမှုနှင့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများလိုက် ပါလျက် ၂၀၂၃ခုနှစ်၊ မေလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၀၃/၆ မှ ၂၀၄/၃ အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်/အထွက်လမ်း နှင့် အမြန်လမ်း ဆုံသည့်နေရာအား ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လက်ရှိ(၂)လမ်းသွားမှ (၄)လမ်းသွား ကွန်ကရစ်လမ်းသို့ တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြား ရေးမှူး(မြို့ပြ) မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးမှ လိုအပ်သည်များ ဖြည့်စွက်တင်ပြပါသည်။ ဒုတိယဝန်ကြီးမှ မိုးတွင်းကာလမရောက်မှီ ကြိုတင် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား နှောင့်နှေးကြန့်ကြာမှု မရှိစေရေး စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ မူလသတ်မှတ်ဒီဇိုင်းပုံစံ အတိုင်း ဆောင်ရွက်ရန်နှင့် လမ်းနယ်နိမိတ်တွင်းရှိ လမ်းပုခုံး မြေသားတာဘောင်ရှိ အရိပ်ရလေကာပင် လစ်လပ်နေရာများအား အစားထိုး စိုက်ပျိုးရန်မှာကြားပါသည်။
အဲ့ဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်မိုင်တိုင်၂၀၄/၅ နှင့် မိုင်တိုင် ၂၀၅/၀ အတွင်း U-Turn နေရာများအား (၁၅၀)မီလီမီတာ ထုအခြေခံလွှာကွန်ကရစ်ခင်းခြင်းနှင့် (၃၀၀) မီလီမီတာ မျက်နှာပြင်ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ မိုင်တိုင် ၂၄၂/၁ နှင့် မိုင်တိုင် ၂၄၃/၀ အတွင်း ဆင်သေတံတားချဉ်းကပ်လမ်းအား မူလ ၂ လမ်းသွားမှ ၄ လမ်းသွား ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လည်းကောင်း၊ မိုင်တိုင် ၂၅၉/၆ ရှိ စည်းခုံတံတား၊ မိုင်တိုင် ၂၆၁/၄ ရှိ ပျော်ဘွယ်-နတ်မောက် ရထားလမ်း ဂုံးကျော်တံတားတို့၏ တံတားကြံ့ခိုင်မှု၊ မြေထိန်းနံရံဆောင်ရွက်ပြီးစီးမှုတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများရဲ့ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး မှ လိုအပ်သည်များ မှာကြားပါတယ်။ အဲ့ဒီနောက် မိုင်တိုင် ၂၈၄/၄ ရှိ သီးကုန်းယာဉ်ရပ်နား စခန်း၌ Myanmar Brilliance Auto Co.,Ltd မှ Charging Station ဆောက်လု့ပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် ၂၈၅/၃ ရှိ မုန်တိုင်တံတား၊ မိုင်တိုင် ၂၉၀/၄ ရှိ မိတ္ထီလာ- မြင်းခြံရထားလမ်း ဂုံးကျော်တံတား၊ မိုင်တိုင် ၃၁၉/၆ ရှိ တဇောက်ချောင်းတံတားနှင့် မိုင်တိုင် ၃၃၈/၆ ရှိ သက်ပန်းချောင်းတံတားတို့၏ တံတားကြံ့ခိုင်မှု၊ မြေထိန်းနံရံဆောင်ရွက် ပြီးစီးမှုနှင့် လမ်းလယ်ကျွန်း ရေဆင်းမြောင်းများ မွမ်းမံပြင်ဆင်မှုတို့အား ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် ၃၅၂/၃ ရှိ စကားအင်းယာဉ်ရပ်နားစခန်း၌ Myanmar Brilliance Auto Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာ ကြားပါတယ်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးကျော်ဆန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ချမ်းအေးသာစံမြို့နယ် ၇၉ လမ်းနှင့် ၃၀ လမ်းထောင့်၌ NPK Co.,Ltd၊ ၃၅ လမ်းနှင့် မန္တလေး-ပြင်ဦးလွင် လမ်းထောင့်၌ MCDI Co.,Ltdနှင့် အောင်မြေသာစံမြို့နယ် ၁၄ လမ်းနှင့် ၆၅x၆၆ လမ်းကြား၌ Myanmar Brilliance Auto Co.,Ltd တို့မှ Charging Station ဆောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဂရုပြုဆောင်ရွက် ရန် မှာကြားခဲ့ပါတယ်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း ကျေးရွာအုပ်စု မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းသို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများမှ စီမံကိန်း ဆိုင်ရာများအားတင်ပြရာ ဒုတိယဝန်ကြီးမှ အိမ်ခန်းနေရာချထားရေး မူဝါဒများအား ညွှန်ကြားချက်ပါအတိုင်း နေရာချထားရေး စီစဉ်ဆောင်ရွက်ရန် အရံရေရရှိရေး၊ အိမ်ရာဝန်းအတွင်း လုံခြုံရေးစနစ်တကျ စီမံဆောင်ရွက်ရန်နှင့် အိမ်ရာစခန်းဖွံ့ဖြိုးတိုးတက်ရေးအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါတယ်။
May 05 2023