ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ခရီးသည်တင် မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်
နေပြည်တော် စက်တင်ဘာ ၉
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် သတ်မှတ်ခွင့်ပြုထားသည့် ကုန်စည် ၁၄ မျိုးသာ တင်ဆောင်ရမည့် ကုန်တင်ယာဉ်ကြီးများသည် Telematics GPS စနစ် တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် Telematics စနစ် GPS စက်များတပ်ဆင်ပြီး ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ခရီးသည်တင်မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်စီလမ်းဆုံတိုးလ်ဂိတ်ရှိ Telematics Command & Control Center က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များ သတ်မှတ်အရှိန်နှုန်း (ကီလို ၉၀)အတွင်းသာ မောင်းနှင်စေရေး၊ ယာဉ်မရပ်ရသည့်နေရာများတွင် ရပ်တန့်မှုမရှိစေရေးတို့အတွက် တယ်လီဖုန်းဖြင့် သတိပေးခြင်းကို (၂၄)နာရီဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုကဲ့သို့ Telematics Command & Control Center ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ တိုးလ်ဂိတ်များရှိ CCTV အခန်းများ၊ ငွေကောက်ခံမှုစနစ်များ၊ နည်းပညာဆိုင်ရာဆောင်ရွက်ထားမှု၊ ကတ္တားပေါ်၌ မော်တော်ယာဉ်များ ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှုနှင့် တိုးလ်ဂိတ်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တိုးဂိတ်အဆောက်အအုံများကို သတ်မှတ်အင်္ဂါရပ်များနှင့်အညီ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မော်တော်ယာဉ်များ သတ်မှတ်တန်ချိန်ကျော်လွန်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ တိုးလ်ဂိတ်ရှိ TFI Display Board များ၊ Barrier မောင်းတံများ၊ ကတ္တားများ၊ CCTV Camera များ၊ Computer နှင့် ဆက်စပ်ပစ္စည်းများ အမြဲတမ်းကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ ပစ္စည်းများပျက်စီးမှုဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြသွားရန်၊ လမ်းအသုံးပြုခကောက်ခံရရှိမှုစာရင်းဇယားများ စနစ်တကျ မှန်ကန်မှုရှိစေရန် မှာကြားသည်။
အဆိုပါခရီးစဉ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လမ်း၊ တံတားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာတို့၌ သစ်ပင်စိုက်ပျိုးနေမှုနှင့် ဆွာချောင်းတံတား(အသွားလမ်း) တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
Sep 14 2026