...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

အဆောက်အဦဦးစီးဌာန / သတင်းများ


ပြည်သူများသွားလာရေးနှင့်နေထိုင်ရေး လွယ်ကူအဆင်ပြေစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစွမ်းကုန်ကြိုးစားရမည်

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင်ကို မြို့ပြ၊ ရေသန့်၊ လျှပ်စစ် စသည်ဖြင့် အပိုင်းလိုက်လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းလျာထားချက် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလိုသောလိုအပ်ချက်များကို ဆေးရုံအဆောက်အဦဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်စိစစ်ဆောင်ရွက်ပေးသွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၅၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးလျက်ရှိပြီး သတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အထူးအဖွဲ့များ၊ င်္ဃန်းကျွန်းခရိုင်၊ ကမာရွတ်ခရိုင်၊ သန်လျင် ခရိုင်၊ တွံတေးခရိုင်၊ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်နှင့် အင်းစိန်ခရိုင်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထင်ကျော်က တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိသော အဆောက်အဦ၊ လမ်း၊ တံတား လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များမှာကြားသည်။

ကြိုးစားဆောင်ရွက်စေလို

ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သောလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်သည် ပြည်သူများသွားလာရေးနှင့်နေထိုင်ရေး လွယ်ကူအဆင်ပြေစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်း ကုန်ကြိုးစားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး မိမိတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း များကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းအခက်အခဲ၊ ကိုယ်ရေးကိုယ်တာအခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း အချိန်မရွေးတင်ပြနိုင်ကြောင်းပြောကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

  Feb 20 2023