...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


သာကေတနှင့် သန်လျင်မြို့တို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားတည်ဆောက်ရေးလုပ်ငန်းခွင်၏ သာကေတဘက်ခြမ်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားတည်ဆောက်ရေးတာဝန်ခံက တံတားတည်ဆောက်ခြင်းကြောင့် သီလဝါအထူးစီးပွားရေးဇုန်နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည့်အခြေအနေ၊ တံတားစီမံကိန်းကို လုပ်ငန်းပိုင်းအလိုက် တာဝန်ယူဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် အချောသပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တံတားဒီဇိုင်းအရ သတ်မှတ်ချက်များ ပြည့်စုံအောင်ဆောင်ရွက်ရန်၊ သံမဏိကြိုးထိန်းတိုင် (Pylon) များတွင် လေကြောင်းအချက်ပြမီး (Aviation Light) များ တပ်ဆင်ရန်၊ မိုးကြိုးလွှဲများတပ်ဆင်ရန်နှင့် ခုခံအုမ်း (Ohm) များ သတ်မှတ်ထားသည့်အတိုင်းရှိ/ မရှိ စစ်ဆေးဆောင်ရွက်ရန်၊ ညအချိန် သ‌င်္ဘောများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ရေကြောင်းလမ်းပြမီး (Navigation Light) များကို သတ်မှတ်ချက်အတိုင်း တပ်ဆင်ဆောင်ရွက်ရန်၊ တံတား၏အချောသပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံနှုန်းအတိုင်း ကိုက်ညီအောင် ကြပ်မတ်ဆောင်ရွက်ရန်၊ တံတားတိုင် (Pier) များ ‌ယာဉ်များကြောင့် ထိခိုက်ပျက်စီးမှုမှ ကြိုတင်ကာကွယ်ရန်တို့ကို မှာကြားသည်။

ထို့နောက် လမ်းဦးစီးဌာနမှ လုပ်ငန်းတာဝန်ခံက ချဉ်းကပ်လမ်းနှင့် တံတားပေါ်တွင် ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လမ်းဆေးလိုင်းဆွဲခြင်း ဆောင်ရွက်ပြီးစီးမှု၊ Road Sign များ တပ်ဆင်ပြီးစီးမှုနှင့် ယာဉ်လမ်းကြောင်းပြလမ်းညွှန်များ ဆက်လက်တပ်ဆင်ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆေးလိုင်းဆွဲရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်၊ တံတားအဟောင်းနှင့် တံတားအသစ်တို့ဆုံသည့်နေရာဖြစ်သဖြင့် ယာဉ်ကြောကျပ်တည်းမှုမရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် မီးပွိုင့်များ၏ ယာဉ်လွှတ်ချိန်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ယင်းနောက် အဆောက်အဦဦးစီးဌာန လုပ်ငန်းတာဝန်ခံက သာကေတဘက်ခြမ်း Toll Plaza နှင့် Control Building တည်ဆောက်ပြီးစီးမှု၊ ယာဉ်များ အဆင်ပြေစွာသွားလာနိုင်ရေးနှင့် ငွေကောက်ခံမှုစနစ် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ Toll Plaza တွင် တံတားအသုံးပြုခအား လူဖြင့် ကောက်ခံသည့်စနစ်အပြင် နိုင်ငံတကာကဲ့သို့ QR Code အသုံးပြု၍ Mobile Pay စနစ်တို့ဖြင့် အချိန်ကြန့်ကြာမှု မရှိစေရေး စီစဉ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင်သို့သွားရောက်၍ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားပေါ်တွင် ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ Toll Plaza တည်ဆောက်ပြီးစီးမှု၊ ပင်မတံတားပေါ်တွင် ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ သန်လျင်ဘက်ခြမ်းတွင် တံတားဟောင်းနှင့် တံတားအသစ်တို့၏ အတက်/ အဆင်းလမ်းနှင့် ဆက်စပ်လမ်းများ ယာဉ်သွားလာမှုအဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

သာကေတနှင့်သန်လျင်မြို့ကို ဆက်သွယ်ထားသော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) သည် နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး တံတားအရှည် ၂၆၃၃ မီတာ (၈၆၃၈ ပေ) ရှိသော ယာဉ်သွားလမ်း လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားအမျိုးအစား ဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့် ၁၃ဒသမ၂၅ မီတာ (၄၃ ပေ) ရှိသဖြင့် ရေယာဉ်များ လွတ်လပ်စွာ ဝင်/ထွက် သွားလာနိုင်မည်ဖြစ်ပြီး တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်-သီလဝါအထူးစီးပွားရေးဇုန်နှင့် ‌ဒေသတွင်းစက်မှုဇုန်များအပါအဝင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လက်ရှိရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

  May 23 2024