...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း ၊ တံတား တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် (၁၈-၁-၂၀၂၃)

 ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း ၊ တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန် - တောင်ငူ - မန္တလေး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် ( ၂၂၅ / ၄ ) တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် Oriental Highway Co.Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော လက်ရှိ (၄) လမ်းသွားမှ (၆) လမ်းသွားအဆင့် လမ်းတာဘောင်တိုးချဲ့ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး နှင့် လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်တို့က လမ်းတိုးချဲ့ခြင်းအပိုင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းနယ်များ စနစ်တကျသတ်မှတ်ရန် ၊ လမ်းဘေး ဝဲ / ယာတွင် သစ်ပင်များ မိုးဦးကာလအမီ စိုက်ပျိုးပေးရန် ၊ လမ်းအမာခံမြေကြီး လုပ်ငန်းများ အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားပါသည်။

 ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ် (၂၂၃ / ၁) နှင့် (၂၂၃ / ၂) ကြားရှိ အရှည် (၂၁၀) ပေ ဆင်သေချောင်းတံတား (ကျောက်ချပ်) တစ်လမ်းမောင်း သံပေါင်တံတားဟောင်း နေရာတွင် တံတားအသစ် တိုးချဲ့တည်ဆောက်မည့် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးရာ တံတား ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် က တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ရှောင်လမ်းနှင့် လမ်းဟောင်းဆုံ သည့် လမ်းဆုံ (မီးပွိုင့်) နေရာတွင် ယာဉ်စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျ ရှိစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းလျာထားချက်များကိုလည်းကောင်း ၊ မိုင်တိုင်အမှတ် (၂၂၀/၅) တွင် စက်ယန္တရားများဖြင့် လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လမ်းချဲ့ရာတွင် သတ်မှတ်လမ်းအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများ အား မှာကြားပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၀၁ / ၅ နှင့် ၂၀၁ / ၆ ) ကြား စီလမ်းဆုံ Under Pass ကြံ့ခိုင်မှုနှင့် တံတား abutment များ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း ၊ မိုင်တိုင်အမှတ် (၂၀၂/ ၀) ရှိ အရှည် (၉၀) ပေ ယအောင်းတံတားကြံ့ခိုင်မှု အခြေအနေကိုလည်းကောင်း ၊ မိုင်တိုင်အမှတ် (၁၉၆ / ၆ နှင့် ၁၉၆ / ၇) ကြားရှိ အရှည် (၃၆၀) ပေ ရုံးပင်ချောင်းတံတားကြံ့ခိုင်မှု အခြေအနေကိုလည်းကောင်း ၊ စီလမ်းဆုံ Toll Gate တွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်စည်တင်ယာဉ်များအား Telematic နည်းပညာဖြင့် စောင့်ကြည့်ထိန်းချုပ်နေသည့် Traffic Command and Control Center တို့ကို အသေးစိတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး အပိုင်းရှိ မြို့ဝင် / မြို့ထွက် နေရာများတွင် သာယာလှပရေး ပြုပြင်ထားရှိရန် ၊ လမ်းပုခုံး နှင့် တံတား abutment များတွင် ရေစိမ့်ဝင်၍ ပျက်စီးမှု မရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး စနစ်တကျ စေတနာထား၍ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ၊ မိုင်တိုင်အမှတ် (၂၀၄ /၁) မှ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့် ဗုဒ္ဓဉယျာဉ်သို့ တိုက်ရိုက် အဝင် / အထွက် ပြုလုပ်နိုင်သည့် လမ်းအရှည် (၃၀၈၄) ပေ အား (၄) လမ်းသွား ကတ္တရာ ကွန်ကရစ်ခင်းပြီးမှု အခြေအနေ နှင့် လမ်းလယ်ကျွန်း ၊ လမ်းဘေး ဝဲ / ယာ လမ်းပုခုံးများ ဆောင်ရွက် နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အမြန်လမ်းနှင့်ချိတ်ဆက်မည့် အဝင်/အထွက် လမ်းအပိုင်း တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လမ်းညွှန်အမှတ်သားများ ၊ သတိပေး ဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိရန် ၊ လမ်းဘေး ဝဲ / ယာ စိမ်းလန်းစိုပြေသာယာလှပစေရေး သစ်ပင်များ ၊ ပန်းအလှ ပင်များ စိုက်ပျိုးထားရှိရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။


  Jan 20 2023