လမ်းဦးစီးဌာန / သတင်းများ
ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ (BOT) တိုးဂိတ်များနှင့် အဆောက်အဦဦးစီးဌာနမှ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက လမ်းဦးစီးဌာန မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ်၊ ပျော်ဘွယ် မြို့နယ်နှင့်လမ်းအထူးအဖွဲ့(၉)တို့မှ ဝန်ထမ်းများနှင့် မိတ္ထီလာခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ဝင်ငွေ အခွန်အခများ လျော့နည်းမှု မဖြစ်ပေါ်စေရေးနှင့် ရသင့်ရထိုက်သည့်ဝင်ငွေများ တိုးတက်ရရှိစေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးနှင့် ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ကြရန် ကိစ္စရပ်များကိုမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး လမ်းဟောင်းရှိ (မိတ္ထီလာ-မန္တလေး လမ်းပိုင်း) (BOT) တိုးဂိတ်များဖြစ်သည့် မိတ္ထီလာမြို့ရှောင်လမ်းတိုးဂိတ်နှင့် သပြေ၀တိုးဂိတ်တို့တွင် လမ်းအသုံးပြုခကောက်ခံ ဆောင်ရွက်နေမှု အခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လမ်းအသုံးပြုခများကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းမရှိ စေရေး၊ လမ်းအသုံးပြုခကောက်ခံနှုန်းထား ဆိုင်းဘုတ်များကို အလွယ်တကူမြင်တွေ့နိုင်ပြီး သိသာထင်ရှားစွာစိုက်ထူရေးနှင့် လမ်းအသုံးပြုခကောက်ခံရရှိမှုများကို စာရင်းဇယားများဖြင့် စနစ်တကျ ဆောင်ရွက်ထားရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အသစ်ထပ်မံဆောက်လုပ်ရန် လျာထားသည့် ဝမ်းတွင်းမြို့လယ်တံတားနှင့် စမုံတံတား နေရာ၊ ကူမဲ-ကျောက်ဆည် လမ်းပိုင်းရှိ ရေဝန်းတံတား တည်ဆောက်ပြီးစီးမှုနှင့် ကျောက်ဆည်မြို့ရှောင်လမ်း တိုးဂိတ်လမ်းအသုံးပြုခကောက်ခံနေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အသစ်ထပ်မံ တည်ဆောက်မည့် ဝမ်းတွင်းမြို့လယ်တံတားအနေဖြင့် နောင်တွင် ဝမ်းတွင်းမြို့ရှောင်လမ်းများ ဖောက်လုပ်လာပါက ဖြစ်ပေါ်လာမည့် အခြေအနေပေါ် မူတည်ပြီး သေချာစွာ စဉ်းစားသုံးသပ်ဆောင်ရွက်သွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လမ်းဦးစီးဌာန ကျောက်ဆည်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်တိုးဂိတ်အား ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ (မန္တလေးဘဏ်ခွဲ) RC ငါးထပ်အဆောက်အအုံတစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင်တည်ဆောက် ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန် ကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
Oct 12 2023