...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ပဲခူးတိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော် ပြုပြင်ခြင်းလုပ်ငန်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည့် သတင်း

(၃၀-၁-၂၀၂၄)

 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့နံနက်ပိုင်းတွင် Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေးလမ်းဟောင်း (ရန်ကုန်-ပဲခူးလမ်းပိုင်း) မိုင်တိုင်အမှတ် (၁၂/၀)နှင့်(၁၃/၀)ကြား U Turn ဆောင်ရွက်နေမှု အားလည်းကောင်း၊ မိုင်တိုင်အမှတ်(၁၅/၀)မှ(၁၅/၄)ကြားတွင် မူလကတ္တရာ လမ်းဟောင်း ပေါ်တွင် AC ကတ္တရာခင်းခြင်းလုပ်ငန်းများအားလည်းကောင်း ကြည့်ရှု စစ်ဆေးရာ Max Highway ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

 ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန် သတ်မှတ်စံချိန်စံညွှန်များနှင့်အညီအရည်အသွေး လက်ရာလက်သား ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်းလှည့်လည် ကြည့်ရှုခဲ့ပါသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးသို့ရောက်ရှိပြီး လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။

 တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဝန်ထမ်းများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတိုးတိုးမှ တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းက ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းတာဝန်များထမ်းဆောင် ရာတွင် လုံခြုံရေးသတိ၊လုံခြုံရေးအသိဖြင့်ဆောင်ရွက်ရန်၊ ဝန်ထမ်းများစည်းလုံး ညီညွတ်စွာဖြင့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် သပ်ရပ်စွာ ဝတ်စားဆင်ယင်ပြီး အဆင့်နှင့်လျော်ညီစွာ ပြုမူပြောဆိုတတ်ရန် လိုပါကြောင်း၊ ဌာန uniform များ ဝတ်ဆင်ရာတွင်လည်း ပြည့်စုံစွာ ဝတ်ဆင်ရန် လိုပါကြောင်း၊ မိမိဌာနပုံရိပ် ထိခိုက်စေမည့် ကိစ္စရပ်များအား အထူးရှောင်ကြဉ်ရန် လိုအပ် ပါကြောင်း၊ ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး ဌာန၏အကျိုးကို ရှေ့ရှု ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဂရုပြုပြီး ကိုဗစ်(၁၉) ရောဂါနှင့်ပတ်သက်၍ ကာကွယ်ထားရန်လိုအပ်ပါကြောင်း၊ ကိုယ်ရေးကိုယ်တာအခက်အခဲ၊ လုပ်ငန်းအခက်အခဲ များရှိပါက အဆင့်ဆင့်တင်ပြရန်နှင့် တာဝန်ရှိသူများကလည်း ဖြေရှင်း ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်နီးကပ်လာပြီဖြစ်သဖြင့် လုပ်ငန်း များအမြန် ပြီးပြတ်စေရေးနှင့် စာရင်း၊ ဇယားများ ရှင်းလင်းဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

 ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၃)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပဲခူးမြို့ရှိ ကမ္ဘောဇ သာဒီရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်နှင့် ဘမရာသနပလ္လင်ဆောင်များ ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ အဆောက်အဦ အထူး အဖွဲ့(၃)မှ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြပါသည်။

 ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘောဇသာဒီရွှေနန်းတော် ပြုပြင်ခြင်း လုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကြပါသည်။

 ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၇၅/၄)မှ(၇၆/၂)အတွင်း ကျန်ချောင်းတံတား အဝင်အထွက် (၂)လမ်းသွားမှ (၄)လမ်းသွား ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်းနှင့်(၇၆)မိုင် Mini Rest Camp ရှေ့တွင် (၄)လမ်းသွား မှ (၅)လမ်းသွားကွန်ကရစ်လမ်းချဲ့ခြင်း လုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကျော်မိုးဦးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများအား ရှင်းလင်းတင်ပြပါသည်။

 တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ အမြန်လမ်းမကြီးအင်္ဂါရပ်များနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်၊သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ယာဉ်များသွားလာရာတွင် အန္တရာယ် ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားပါသည်။

 ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တောင်ငူခရိုင် လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးသို့ ရောက်ရှိပြီး တောင်ငူခရိုင် လမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

 တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက လုပ်ငန်းအခြေအနေများနှင့် ဝန်ထမ်းများ၏ အခက်အခဲများသိရှိလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာ၌ လုံခြုံရေး အသိ လုံခြုံရေးသတိထားရန်လိုကြောင်း၊ စက်ယာဉ်ယန္တရားပျက်စီး ဆုံးရှုံးမှုမရှိစေရေး လုံခြုံစိတ်ချပြီး အမိုးအကာရှိသည့် နေရာများတွင် စနစ်တကျထားရှိရန်လိုပါကြောင်း၊ ဝန်ထမ်းများစည်းလုံးညီညွှတ်စွာဖြင့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန် လိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲ တစ်လတစ်ကြိမ်ပြုလုပ်ပြီး ဝန်ထမ်းများ၏ ကိုယ်ရေး ကိုယ်တာ အခက်အခဲ၊ လုပ်ငန်းအခက်အခဲများရှိပါက အဆင့်ဆင့် တင်ပြရန်လိုပါကြောင်း၊ မိမိဌာနပုံရိပ်ထိခိုက်စေမည့် ကိစ္စရပ်များ အထူးရှောင်ကြဉ်ရန် လိုပါကြောင်း၊ ဝန်ထမ်းများ ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာအောင် တည်ဆောက်ရန် လိုပါကြောင်း၊ လမ်းညွှန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်နှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး စီလမ်းဆုံတိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နွယ်နီထွန်း နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပါသည်။

 တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခ ကောက်ခံရာတွင် အပြည်အဝရရှိရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ငွေကြေးမသမာမှုများ မရှိစေရေး ကောက်ခံရရှိငွေများစနစ်တကျ မှတ်တမ်းရေးသွင်းရေး CCTV ၊ Computer စနစ်ဖြင့် ဆောင်ရွက်ရေးနှင့် လက်လုပ်ပြေစာများ လုံးဝအသုံးမပြုရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။


  Feb 02 2024