လမ်းဦးစီးဌာန / သတင်းများ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ တိုးဂိတ်များ၊ ယာဉ်နားစခန်းနှင့် အမြန်လမ်းမကြီး ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ ဖြူးတိုးဂိတ်မှ လမ်းအသုံးပြုခကောက်ခံနေသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဖြူး (Rest Camp) ယာဉ်ရပ်နားစခန်းအတွင်းရှိ EV Charging Station အသုံးပြုဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ အပြည့်အဝရရှိရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ CCTV နှင့် Computer စနစ်ဖြင့်သာ ဆောင်ရွက်ကာ လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ ယာဉ်ရပ်နားစခန်းအတွင်း တရားမဝင်ဆိုင်ခန်းများ ရောင်းချခြင်းမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၄၅/၂) နှင့် (၄၅/၃)အကြားရှိ ကြတ်ချောင်းလက်တက်တံတားချဉ်းကပ်လမ်း ကျောက်စီခြင်း၊ မြေဖို့ခြင်းနှင့် Gabion Wall ဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မိုင်တိုင်အမှတ်(၁၃/၀) မှ (၁၄/၀)အထိ (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းနှင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးများရရှိရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သတ်မှတ်လမ်း ဒီဇိုင်းများအတိုင်းသာ ဆောင်ရွက်ရန်ဖြစ်ပြီး ယာဉ်များသွားလာရာတွင် အန္တရာယ် ကင်းရှင်းစေရေးအတွက် ဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ အမှတ်(၃)လမ်းဆုံ တိုးဂိတ်တွင် လမ်းအသုံးပြုခကောက်ခံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 31 2024