ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြ လမ်းပေါ်ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) ဖွင့်လှစ်
နေပြည်တော် မတ် ၂၀
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်းပေါ်ရှိ အရှည်ပေ ၁၂၆၀ ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတား မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဝိုင်းဝန်းထိန်းသိမ်းကြစေလို
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ရေးသည် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပြီး အလွန်အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ဆန်စပါး အဓိကထွက်ရှိရာ တိုင်းဒေသကြီးဖြစ်ကြောင်း၊ မြစ်ချောင်းများပေါများပြီး မြေဆီသြဇာကြွယ်ဝသော မြေနုကျွန်းများရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး ရေထွက်ပစ္စည်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများတည်ရှိသော တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လိုကြောင်း၊ ပြည်သူများဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာအသုံးပြုနိုင်ရန် ပမ္မဝတီတံတား (မြင်းကဆိပ်) ကို ဖွင့်လှစ်ပေးပြီးဖြစ်၍ တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးသည် အဓိကကျကြောင်း၊ ဒေသအားလုံးအချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် လမ်း၊ တံတားများ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း။
တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်
မြောင်းမြမြို့နယ် ပုသိမ် - ကံကုန်း - မြင်းကဆိပ်- မြောင်းမြလမ်း ပေါ်တွင် ယခင်က တည်ဆောက်ခဲ့သည့် ပမ္မဝတီတံတား (မြင်းကဆိပ်) ကြိုးတံတားဟောင်းသည် ကြံ့ခိုင်မှု အားနည်းလာသည့်အတွက် မူလကြိုးတံတားဟောင်းကို ဖြုတ်သိမ်း၍ ကျွမ်းကျင်ပညာရှင်များက ခေတ်မီနည်းစနစ်တို့ကို အသုံးပြုပြီးအရှည်ပေ ၁၂၆၀၊ အပေါ်ထည် Steel Box Girder သံကူကွန်ကရစ်ကြမ်းခင်းနှင့် အောက်ထည်အုတ်မြစ် ကို R.C.C Bored Pile ဖြင့် တည်ဆောက်ခဲ့ပါကြောင်း၊ တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ နိုင်ငံတကာအကူအညီချေးငွေများဖြင့် လမ်း၊ တံတားများကို တည်ဆောက်ပေးလျက်ရှိရာ ယနေ့အထိ လမ်းမိုင် ၁၈၈၅ မိုင် ကျော် ဖောက်လုပ်ထိန်းသိမ်းထားပြီး ပေ ၁၈၀ နှင့်အထက် တံတားကြီး ၁၀၉ စင်းကိုလည်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်း ပေ ၁၈၀ နှင့်အထက်တံတား ၁၂ စင်းနှင့် ပေ ၁၈၀ အောက်တံတားခုနစ်စင်း စုစုပေါင်း ၁၉ စင်း ကို တည်ဆောက်လျက်ရှိကြောင်း ပြောကြားသည်၊၊
လူမှုစီးပွားဘဝများ တိုးတက်လာမည်
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုတံတားကြီးကို ဖွင့်လှစ်လိုက်သည့်အတွက် ပုသိမ်မြို့မှမြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်တို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက်ကုန်များကို သယ်ယူပို့ဆောင်နိုင်မည့်အပြင် ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက တံတားကြီးဖွင့်လှစ်ပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်းနှင့် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ပမ္မဝတီတံတား (မြင်းကဆိပ်) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်တို့က ပမ္မဝတီတံတား (မြင်းကဆိပ်) ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်ပက်ဖျန်းပေးကာ တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ပမ္မဝတီတံတား (မြင်းကဆိပ်) သည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်မြောင်းမြမြို့နယ် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ မြင်းကဆိပ်မြစ်ပေါ်တွင် တည်ဆောက်ထားကာ တံတားအရှည်ပေ ၁၂၆၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းသွားဖြစ်ကြောင်း သိရသည်။
Mar 21 2023