...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ပဲခူးမြစ်ရေကြီးမှုကြောင့် ယာဉ်များသွားလာရာတွင် ပိတ်ဆို့မှုနှင့် ယာဉ်လမ်းကြောင်း ပြတ်တောက်မှုမရှိစေရေး၊ ပဲခူးမြို့ရှောင်လမ်းနှင့် တံတားများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း အမှတ်(၃)လမ်းဆုံ တိုးလ်ဂိတ်၌ ယာဉ်များပိတ်ဆို့မှုမရှိဘဲ ယာဉ်ကြီးယာဉ်ငယ်အားလုံး ပုံမှန်အတိုင်း သွားလာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တိုးလ်ဂိတ်ဖြတ်သန်းစဉ် ယာဉ်ကြောပိတ်ဆို့မှုမရှစေရေး Lane အလိုက် တာဝန်ခွဲဝေဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၁/၂ နှင့် ၁၁/၃ အကြားရှိ ငမိုးရိပ်တံတားကြံ့ခိုင်မှု၊ ပဲခူးမြို့ အနောက်မြို့ရှောင်လမ်းပေါ်ရှိ မိုးရေတိုက်စားမှုကြောင့် လမ်းတာပေါင်ပြတ်တောက်သွားသည့်နေရာအား ဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပဲခူးအရှေ့မြို့ရှောင်လမ်းပေါ်ရှိ အရှည် ပေ ၃၀ တံတားချဉ်းကပ်လမ်း ရေတိုက်စားသည့်နေရာအား ရေကာတုတ်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပဲခူးမြို့အနောက်မြို့ရှောင်လမ်းပေါ်ရှိ ရေတိုက်စားမှုကြောင့် ပြတ်တောက်သွားသည့် တံတားအမှတ်(၉/၂) Box Culvert နေရာများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ပဲခူးမြို့ အနောက်မြို့ရှောင်လမ်းပိုင်းပေါ်တွင် ရေတိုက်စားခြင်းကြောင့် ပြတ်တောက်မှု လေး နေရာရှိခဲ့ပြီး ပေ၆၀အရှည် နှစ်လွှာတစ်ထပ်ဘေလီတံတားထိုးခြင်းလုပ်ငန်းသုံးနေရာနှင့် ကျောက်ဖြည့်ခြင်းလုပ်ငန်း တစ်နေရာဆောင်ရွက်ခဲ့ရာ ယခုအခါနှစ်နေရာတွင် ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘုရားကြီး-ဘောနက်ကြီးလမ်းပိုင်း၌ ယာဉ်များ ပိတ်ဆို့မှုမရှိစေရေးနှင့် ဘောနက်ကြီးယာဉ်ရပ်နားစခန်းအတွင်းရှိ ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များ အမြန်လမ်းမှတစ်ဆင့် သွားလာနိုင်ရေး စီမံဆောင်ရွက်ပေးပြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း) ရှိ ဖြူးတိုးလ်ဂိတ်နှင့် စီလမ်းဆုံတိုးလ်ဂိတ်တို့ရှိ ယာဉ်ဖြတ်သန်းခများ ကောက်ခံနေမှုကို ကြည့်ရှု စစ်ဆေးသည်။

  Oct 12 2023