...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ် (H.E. Mr. Abhay Thakur) အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ - ဇိုရမ်ပူလမ်းနှင့် ယာကြီး -ကလေးဝလမ်း အပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ တမူး - ကျီကုန်း- ကလေးဝလမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနမှအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

  Jun 25 2024