...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားဦးစီးဌာန / သတင်းများ


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)များ၊ အဖွဲ့ဝင်များ လာရောက်ဖူးမြော်ကြည်ညို

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)များ၊ အဖွဲ့ဝင်များ စုစုပေါင်း ၄၃ ဦးတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီ စက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန်အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက်ဘုရားဖူးလာသည့် အဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်တို့နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားသည်။ ယင်းနောက် ဘုရားဖူးအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက်အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဘုရားဖူးလာအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။

ထို့နောက် ကျောက်စာရုံစေတီတော်များနှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ အခြားသာသနိကအဆောက်အဦများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။ ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။

  Jul 02 2024