...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


(၁၂)ကြိမ်မြောက် စုပေါင်းဒုလ္လဘရဟန်းခံ ၊ ရှင်ပြု ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်ကြီး အဓွန့်ရှည်စွာ သန့်ရှင်း ၊ တည်တံ့ ၊ ပြန့်ပွားစေရန် ရည်သန်လျက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဝန်ထမ်းမိသားစုများ၏ (၁၂)ကြိမ်မြောက်စုပေါင်း ဒုလ္လဘရဟန်းခံ ၊ ရှင်ပြု ၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၁) ရက်နေ့နှင့် ဧပြီလ (၂) ရက်နေ့တို့တွင် နေပြည်တော် ၊ လယ်ဝေးမြို့ ၊ တေဇစက္ကီ ကမ္မဋ္ဌာန်းရိပ်သာ ကျောင်း၌ ကျင်းပပါသည်။

 အလှူတော်မင်္ဂလာအစီအစဉ်ပထမပိုင်းကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ(၁)ရက်နေ့တွင် နေပြည်တော် ၊ လယ်ဝေးမြို့ ၊ တေဇစက္ကီ ကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက်၌ ဝန်ထမ်းမိသားစုများ၏ ဒုလ္လဘရဟန်း (၄၄)ပါး၊ ရှင်သာမဏေ (၇)ပါး နှင့် သီလရှင်(၄၄)ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းနှင့် သိမ်တက်မင်္ဂလာပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

 ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂) ရက်နေ့တွင် အလှူတော်မင်္ဂလာ အစီအစဉ် ဒုတိယပိုင်းအဖြစ် နံနက်ပိုင်း၌ ရဟန်းသံဃာ၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း (၁၂၆) ပါးတို့အား တေဇစက္ကီ ကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် ဇနီး ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့် ဇနီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဇနီးများ ၊ ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဝန်ထမ်းမိသားစုများက သိမ်ဆင်းလောင်းလှူခဲ့ကြပါသည်။

 အလှူတော်မင်္ဂလာအစီအစဉ်အရ တေဇစက္ကီကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက်မှ ဆရာတော် ၊ သံဃာတော်များအား နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ တေဇစက္ကီကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက် ဆရာတော် မဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တဝိဇယျထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော် ၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြပါသည်။

 ဆက်လက်၍ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က တေဇစက္ကီကမ္မဋ္ဌာန်းရိပ်သာ ကျောင်းတိုက် ဆရာတော် မဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တဝိဇယျထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း ၊ ဒုတိယဝန်ကြီးနှင့် ဇနီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့်ဇနီးများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် မဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တဝိဇယျထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး ၊ ဒုတိယဝန်ကြီး နှင့် ဇနီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဇနီးများ ၊ ဌာနကြီးမှူးများ ၊ ဝန်ထမ်းမိသားစုများက ဆရာတော် ၊ သံဃာတော်များ၊ ဒုလ္လဘရဟန်းများ ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက် လာကြသည့် ဧည့်သည်တော်များအား အကျွေးအမွေး ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။


  Apr 04 2023