...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / သတင်းများ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့်အိမ်ရာစီမံကိန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်း မြို့နယ်ရှိ မင်္ဂလာရိပ်သာအိမ်ရာစီမံကိန်း ရှင်းလင်း ဆောင်သို့ရောက်ရှိပြီး တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အိမ်ရာစီမံကိန်းနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အိမ်ရာစီမံကိန်းများကို သတ်မှတ်ကာလအတွင်း အမြန်ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံပိုင်မြေပေါ်တွင် နိုင်ငံတော်ကိုယ်စား စီမံခန့်ခွဲခြင်းဖြစ်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းဧရိယာအတွင်း ကျူးကျော်များ ဝင်ရောက်မှုမရှိစေရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများတွင် အကျိုးအမြတ်ခွဲဝေရာ၌ နိုင်ငံတော်မှရသင့်ရထိုက်သည့် အချိုးအတိုင်း အပြည့်အဝရရှိနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး အိမ်ရာစီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ ၁၆ ခန်းတွဲ ၁၂ ထပ် ခေမာသီအိမ်ရာစီမံကိန်းနှင့် ရန်ကင်းမြို့နယ်ရှိ Yankin Mixed – Use အဆင့်မြင့် အိမ်ရာစီမံကိန်း များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေး ခန်း၌ ကျင်းပသည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code-2024) အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက Myanmar National Building Code-2020 နှင့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ-၂၀၂၀ တို့ကို လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်၍ Myanmar National Building Code-2024 နှင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၄ အနေဖြင့် ထုတ်ဝေနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ရေး ဦးစီးကော်မတီနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်း တည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှပူးပေါင်း၍ မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော Cement ၊ Deformed Bar ၊ Bitumen တို့၏ MMS စံချိန်စံညွှန်းများအား ထည့်သွင်းရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အာဆီယံတွင် ဆွေးနွေးနေဆဲဖြစ်သော Harmonized Standards များအား ထည့်သွင်းနိုင်ရေး ကြိုတင်လေ့လာဆွေးနွေးသွားရန် လိုအပ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်းဆွေးနွေးညှိနှိုင်းပြီး Myanmar National Building Code - 2024 အချိန်မီထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေး ကြပါရန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်မြမြဝင်းက Myanmar National Building Code သမိုင်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက အကြံပြုဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

  May 10 2024