...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

အဆောက်အဦဦးစီးဌာန / သတင်းများ


မန္တလေးမြို့တွင် တည်ဆောက်နေသည့် စုပေါင်းရုံးအဆောက်အအုံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အအုံနှင့် အိုးထုတ္တန်းတိုးဂိတ် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်(ခ)အဆင့် စုပေါင်းရုံး သုံးထပ်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦအထူးအဖွဲ့(၆)မှ (မြို့ပြ၊ ရေသန့်၊ လျှပ်စစ်) အင်ဂျင်နီယာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

မှာကြား

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တာဝန်ခံအင်ဂျင်နီယာများအနေဖြင့် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် လုပ်ငန်းများဖြန့်ခွဲပြီး တာဝန်ခွဲဝေ စီမံဆောင်ရွက်ရန်လိုကြောင်း၊ သတ်မှတ်ဒီဇိုင်းအတိုင်း စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ပင်မအဆောက်အအုံအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် (မြို့ပြ၊ ရေသန့်၊ လျှပ်စစ်) လုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သုံးစွဲရန်လိုကြောင်းမှာကြားပြီး လုပ်ငန်းခွင်အင်ဂျင်နီယာများက လုပ်ငန်းနှင့်ပတ်သက်သည့် သတင်းပို့တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) RC ငါးထပ် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သဇင်မြင့်က Site Plan ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစာရင်း၊ လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သီဟက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စကားအင်း-အိုးထုတ္တန်းလမ်းပိုင်းရှိ အိုးထုတ္တန်း မီနီတိုးဂိတ်ကို ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင့်လွင်နှင့် တိုးဂိတ်တာဝန်ရှိသူတို့က တိုးဂိတ်တွင် ရေ/မီးရရှိမှုအခြေအနေ၊ CCTV တပ်ဆင်အသုံးပြုမှု၊ ကွန်ပျူတာစနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံရရှိမှုအခြေအနေနှင့် ကောက်ခံရရှိငွေများကို စာရင်းဇယားများနှင့်အတူ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

  Apr 29 2024