...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / သတင်းများ


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထိုသို့တွေ့ဆုံစဉ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ရည်ရွယ်ချက်၊ လျာထားချက်၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ အဆောက်အဦ အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံညွှန်ကြား ရေးမှူးက ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းများ အပိုင်းလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေကို လည်းကောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်တက်ရောက်လာကြသူများက ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့် စွက်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အငှားအိမ်ရာစီမံကိန်း၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းတို့ကို အပိုင်းလိုက်ပြီးစီးစေရေး ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခု အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးကြား အချက်အခြာကျသည့်နေရာတွင် တည်ရှိသည့်အတွက် နောင်တစ်ချိန် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများသွားလာနေထိုင်ရေး လွယ်ကူအဆင်ပြေ မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူ့အတွက် ဆောင်ရွက်သည့်စီမံကိန်းဖြစ်၍ အခက်အခဲရှိသော်လည်း အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် ယခုအိမ်ရာစီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး အိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယခုတည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းသည် ပထမအဆင့်အနေဖြင့် အဆောက်အဦ (၁၉၄)လုံး၊ အိမ်ခန်းပေါင်း (၃၁၀၄)ခန်း ရှိသည့်အနက် အဆောက်အဦ(၁၂၁)လုံး၊ အိမ်ခန်းပေါင်း (၁၉၃၆)ခန်းကို ၂၀၂၃ ခုနှစ် မတ်လတွင် ပြီးစီး အောင် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်အဆောက်အဦ (၇၃)လုံး၊ အိမ်ခန်းပေါင်း (၁၁၆၈)ခန်းကိုလည်း အပိုင်းလိုက် ပြီးစီးအောင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၇)လမ်းမကြီး (မြို့ပတ်လမ်း) ၂၄ ပေအကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။

  Dec 29 2022