...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ပျက်စီးမှုများအား အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရန် ဝန်ထမ်းများအား တွေ့ဆုံခြင်းနှင့် ပျက်စီးသွားသော သဲချောင်းတံတားအား ယာယီဘေလီတံတားအစားထိုး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

(၁၉-၅-၂၀၂၃)

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် စစ်တွေမြို့သို့ ရောက်ရှိနေသော အဆောက်အဦဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်များ ၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် ၊ မေလ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ၊ လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးရုံးတွင် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည် ။

 ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က မိမိဝန်ကြီးဌာန၏ ရခိုင်ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်များရှိ ရုံးများနှင့် လူနေအဆောက်အဦများ၏ အမိုးအကာများကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန် ၊ မိမိတို့မူလတာဝန်ဖြစ်သည့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် လမ်းမကြီးပေါ်တွင် သစ်ပင်များလဲကျ ပိတ်ဆို့မှုအား တပ်မတော် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ဖယ်ရှားရှင်းလင်းရာတွင် မိမိတို့ဝန်ကြီးဌာနမှ စက်ယာဉ်ယန္တရားများဖြင့် ပူးပေါင်းပါဝင် ရှင်းလင်း ဆောင်ရွက်ပေးရန် ၊ လမ်းကြောင်းတစ်လျှောက်ရှိ တံတားများ ပျက်စီး၍ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပျက်စီးသွားသော တံတားများအား ယာယီဘေလီတံတားထိုး၍ သွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန် ၊ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးရုံအဆောက်အဦများ ၊ တက္ကသိုလ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းများ၏ ပျက်စီးမှုအား အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ပျက်စီးမှု စာရင်းကောက်ယူခြင်း ၊ ပစ္စည်းလိုအပ်ချက် စာရင်းပြုစုခြင်း ၊ အမိုးသွပ် ၊ သွပ်ရိုက်သံနှင့် သစ်လိုအပ်ချက်များအား ပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆောက်လုပ်ရေးအဖွဲ့များ ပေါင်းစပ်ပြုပြင်နိုင်ရေး စီမံဆောင်ရွက်ရန်တို့ကို မှာကြားပါသည် ။

 ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အဆောက်အဦဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ အင်ဂျင်နီယာချုပ်များမှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဖြည့်စွက်ရှင်းလင်း တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီး က သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည် ။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ-ပလ္လင်ပြင်လမ်း ၊ မိုင်တိုင်အမှတ် (၂/၄)ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော သဲချောင်းတံတားအား ယာယီဘေလီတံတား အရှည်(၁၄၀)ပေ၊အကျယ်(၁၈)ပေ တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၇)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခန့် က ယာယီတံတားထိုးနေမှု အခြေအနေနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည် ။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အများပြည်သူများ သွားလာရေးအဆင်ပြေစေရန် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ဆုံးဆောင်ရွက်သွားရန် ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည် ။


  May 19 2023