...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားဦးစီးဌာန / သတင်းများ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလတံတားတည်ဆောက်ရေးစီမံကိန်းအတွက် IPC Girder ထုတ်လုပ်မှုနှင့် ချဉ်းကပ်တံတားတည်ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးရွှေလေးသည် ဌာနဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် မေလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင် ညွှန့်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းမကြီးပေါ်ရှိ ဒလတံတားတည်ဆောက်ရေးစီမံကိန်း Casting Yard ၌ ရန်ကုန်ဘက်ခြမ်းချဉ်းကပ်တံတားအတွက် IPC Girderများထုတ်လုပ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။

 ထို့နောက် လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဒလတံတား တည်ဆောက်ရေးစီမံကိန်း၊စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့(PMU)အဖွဲ့ခေါင်းဆောင် တံတားဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကျော်ကောင်းချိုနှင့် ကိုးရီးယားပညာရှင်များက ချဉ်းကပ်တံတား အတွက် အရှည် ( ၃၅ )မီတာ ၊ ( ၄၀ )မီတာနှင့်( ၄၅ )မီတာ IPC Girder များထုတ်လုပ်နေမှု၊ လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်မည့်အစီအစဉ်၊လုပ်ငန်းခွင်သို့ ရောက်ရှိသည့် (Girder) ယက်မ များအား Lounching လွန်းထိုးခြင်းနည်းပညာကို အသုံးပြု၍ ဆောင်ရွက်မည့် အခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တံတားဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

 တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက Girder များသွန်းလောင်းရာတွင် အရည် အသွေး၊ စံချိန်စံညွှန်းနှင့် စနစ်ကျနမှုကို တွေ့ရှိရပါကြောင်း ၊ လုပ်ငန်းခွင်တွင် အဆိုပါ Girder များ တက်ဆင်ရာ၌ ရန်ကုန်ဘက်ကမ်း ချဉ်းကပ်တံတားအပိုင်းသည် မြို့တွင်းလူစည်းကားသည့်နေရာ ဖြစ်သည့်အတွက် လုပ်ငန်းခွင်ဘေးအန္တာရာယ်ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက်ရန် တို့ကို တာဝန်ရှိသူများအား မှာကြားပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလတံတားတည်ဆောက်ရေးစီမံကိန်း ၊ ရန် ကုန်ဘက်ခြမ်းရှိ ချဉ်းကပ်တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး Abutmend (A2)၊ တိုင်အမှတ်(၃၂)နှင့်(၃၁)တွင် Launching လွန်းထိုးခြင်းနည်းစနစ်ဖြင့် Girder ယက်မများတင်နိုင်ရေးအတွက် Launching Arm စတင်တက်ဆင်မှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်များ မှာကြား ပါသည်။

ဒလတံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)အမျိုး အစားဖြစ်ပြီး စုစုပေါင်းတံတားအရှည်(၆၁၄၄)ပေ ၊ ပင်မတံတားအရှည်(၁၉၃၆)ပေ ၊ချဉ်းကပ်တံတား (ရန်ကုန်ဘက်ကမ်း) (၂၀၂၆)ပေ (ဒလဘက်ကမ်း)(၂၁၈၂)ပေ ၊ ပင်မတံတားအကျယ်(၈၇)ပေ (ယာဉ်လေးလမ်းသွား)၊ ချဉ်းကပ်တံတားအကျယ်(ရန်ကုန်ဘက်ကမ်း)(၄၇)ပေ ၊ (ဒလဘက်ကမ်း) (၆၈)ပေ ရန်ကုန်ဘက်ကမ်း ဆင်ခြေလျှောတံတားများအကျယ်(၂၃)ပေ (ယာဉ်တစ်လမ်းသွား) ဖြစ်ပြီး တံတား အောက်ရေလမ်းကင်းလွတ်အကျယ်(၃၇၀)မီတာ ၊ အမြင့်(၄၉)မီတာ ၊ တံတား ခံနိုင်ဝန်မှာ (၇၅) တန်ဖြစ်ပါသည်။

 ဒလတံတားကြီးတည်ဆောက်ပြီးစီးပါက ယခုလက်ရှိရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့ကြပ်တည်မှုကိုလည်း အတိုင်အတာတစ်ခုထိ လျော့ပါးသက်သာသွားမည် ဖြစ်ပြီး အမြင်နီးသော်လည်း ခရီးဝေးခဲ့ရသည့် ဒလမြို့နယ်အပါအဝင် ရန်ကုန်အနောက်ဘက် ကမ်း ဒေသများပါဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည်နှင့် အမျှ ကုန်စည်စီးဆင်းမှုများသွက်လက်မြန်ဆန်လာကာ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း သိရှိရပါသည်။


  May 17 2022