...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


နဝင်းချောင်းတံတား (အဆုံ) ၄ လမ်းသွား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် ဆင်သေချောင်းတံတား (သိုက်ချောင်း) ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား (အဆုံ) အား မူလ ၂ လမ်းသွားမှ ၄ လမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ထို့နောက် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သော တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းနေရာ ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ကုန်တင်ယာဉ်များ စနစ်တကျဖြတ်သန်းသွားလာရန် ခွင့်ပြုထားမှုနှင့် အခိုင်အမာပြင်ဆင်တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်၊ ယခင်မူလအခြေအနေထက် ပိုမိုကောင်းမွန်စေရန်နှင့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်ကြီးများ အန္တရာယ်ကင်းစွာ မောင်းနှင်အသုံးပြုနိုင်ရေး ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ကင်းသာလမ်းဆုံသို့ ရောက်ရှိပြီး ရေတိုက်စား၍ ပျက်စီးခဲ့သည့်နေရာများတွင် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းပြီး မြေဖို့ခင်းကြိတ်ဆောင်ရွက်နေမှု၊ လမ်းနယ်နေရာ၌ မြေထိန်းနံရံအနိမ့် (Toe Wall) များ အသစ်ဆောင်ရွက်နေမှု၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားမှုနှင့် လမ်းပခုံးအမာခံရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ဆင်သေချောင်းတံတား (ပုပ္ပားကုန်း) သို့ ရောက်ရှိပြီး ပြင်ဆင်ပေးထားသည့် တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်း ကြံ့ခိုင်မှုအခြေအနေ၊ တံတားအောက်၌ ဆင်သေချောင်းရေ ဖြတ်သန်းစီးဆင်းမှုကြောင့် တံတားပျက်စီးမှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားမှုနှင့် တံတားထိပ်ခုံအောက်ခြေကို ရေထပ်မံတိုက်စားခြင်းမရှိစေရေး ကြိုတင်စီမံဆောင်ရွက်ရမည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 ယင်းနောက် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ကို ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား (သိုက်ချောင်း) သို့ ရောက်ရှိပြီး တံတားရေလယ်တိုင် နိမ့်ကျသွားသည့်အပိုင်းကို အဆင့်ဆင့်ပြုပြင်ဆောင်ရွက်နေမှု၊ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းအား အခိုင်အမာတည်ဆောက်နေမှုအခြေအနေတို့ကို စစ်ဆေးမေးမြန်းကာ လွန်းထိုးခြင်း (Launching) နည်းစနစ်ဖြင့် ရေလယ်တိုင်နိမ့်ကျသည့်အပိုင်းကို ပြန်လည်ပြုပြင်နေမှု၊ အခိုင်အမာ ချဉ်းကပ်လမ်း တည်ဆောက်ပြီးစီးပါက ယာယီဘေလီတံတားများကို ဖြုတ်သိမ်းမည့်အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) သိုက်ချောင်း-အေလာလမ်းအပိုင်း၌ လမ်းမျက်နှာပြင်မညီညာခြင်း၊ လှိုင်းထနေခြင်းများအား အပိုင်းလိုက် စနစ်တကျပြင်ဆင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

  Oct 11 2024