...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားဦးစီးဌာန / သတင်းများ


ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းအပိုင်းအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးရေးရည်မှန်းချက်ထား ဆောင်ရွက်နေမှု၊ Road Curb၊ Electrical နှင့် Water Supply စနစ်များ ဆောင်ရွက်နေမှု၊ ချဉ်းကပ်တံတားများတွင် AC ကတ္တရာခင်းခြင်းနှင့် မြေကာနံရံများတွင် မြက်စိုက်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ လမ်းဆုံနေရာတွင် ယာဉ်ကြီး/ယာဉ်ငယ်များ လွတ်လပ်စွာသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် သာကေတဘက်ခြမ်း၌ Toll Plaza တည်ဆောက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းစဉ်များအလိုက် လျာထားချက်များအတိုင်း ပြီးစီးရေး၊ ဒီဇိုင်းသတ်မှတ်ရေးဆွဲထားသည့်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် မေလ ကုန် အပြီးသတ်နိုင်အောင် တွန်းအား ပေးဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဘက်ခြမ်းရှိ လုပ်ငန်းခွင်သို့ရောက်ရှိပြီး ချဉ်းကပ်တံတား ဆောင်ရွက်ပြီးစီးမှု၊ Toll Plaza တည်ဆောက်နေမှု၊ Relocation Road များ တိုးချဲ့ဆောင်ရွက်နေမှု၊ PC Box Girder အပေါ်တွင် ကတ္တရာကွန်ကရစ် ခင်းကျင်းနေမှု၊ ပင်မတံတား Steel Box Girder အား Blasting လုပ်ငန်းဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေလမ်းကြောင်းသွားသင်္ဘောများ အန္တရာယ်ကင်းရှင်းရေးအတွက် ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်ဘက်ခြမ်းသို့ သွားရောက်၍ ချဉ်းကပ်တံတား ဆောင်ရွက်ပြီးစီးမှု၊ တံတားအတက်အဆင်းအပိုင်းတွင် AC ကတ္တရာခင်းခြင်း ဆောင်ရွက်နေ မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို ၂၀၁၉ ခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့ပြီး သာကေတဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၆၀၂ မီတာ (၁၉၇၅ ပေ)၊ သန်လျင်ဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၈၀၇ မီတာ (၂၆၄၇ ပေ)၊ ပင်မတံတားအရှည် ၁၂၂၄ မီတာ (၄၀၁၆ ပေ) စုစုပေါင်း၂၆၃၃ မီတာ (၈၆၃၈ ပေ) ရှည်လျားပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားကြီး ဖြစ်သည်။ တံတား၏ရေလမ်းကင်းလွတ် အမြင့် ၁၃ ဒသမ ၂၅ မီတာ (၄၃ ပေ) ရှိပြီး အကျယ်မှာ ၂၂၄ မီတာ (၇၃၅ ပေ) ရှိသဖြင့် ရေယာဉ်များလွတ်လပ်စွာဝင်/ထွက်သွားလာနိုင်မည်ဖြစ်သည်။ တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်မှသန်လျင်နှင့်သီလဝါအထူး စီးပွားရေးဇုန်များသို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ကုန်စည်စီးဆင်းမှုများ သွက်လက်မြန်ဆန် လာကာယခုလက်ရှိ တံတားအဟောင်း၏ ယာဉ်ကြောပိတ်ဆို့မှုများကို အတိုင်းအတာ တစ်ခုအထိ လျော့နည်းသက်သာလာစေ မည်ဖြစ်သည်။

Toll Plaza တွင် ယာဉ်ဖြတ်သန်းခကောက်ခံသည့် စနစ်ကို ငွေသားပေးချေ မှုအပြင် ယာဉ်သွားလာမှု သွက်လက် လွယ်ကူစေ‌ရေးနိုင်ငံတကာကဲ့သို့ ETC နှင့် Mobile Pay တို့ဖြင့် ပေးချေသည့် စနစ်ကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် မေလကုန်တွင် လုပ်ငန်းများပြီးစီးရေးရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းလုပ်ငန်း ပြီးစီးမှုမှာ ၉၇ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

  Feb 21 2024