...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / သတင်းများ


ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးအကြားရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာ များအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

တွေ့ဆုံပွဲတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုးက ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြ၊ ရေသန့်၊ လျှပ်စစ်အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုကိုလည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းတို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အပိုင်းလိုက်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဆောက်လုပ်ပြီးစီးပြီဖြစ်၍ နေရာ ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အဆောက်အဦများ ထပ်မံဆောက်လုပ်ရန်အတွက် လျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်ပြည်သူ့အငှားအိမ်ရာ စီမံကိန်းအနေဖြင့် ၈၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ အရည်အသွေး ပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ဦးစားပေး ဆောင်ရွက်သွားရန်နှင့် ပြီးစီးမှုပေါ်မူတည်၍ အပိုင်းလိုက် နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အိမ်ရာစီမံကိန်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသပ်ရပ်စေရေးနှင့် သွားလာရေးလွယ်ကူ အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးရန်တို့ကို မှာကြားပြီး အိမ်ရာစီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြား၍ ပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)လမ်းမကြီး မိုင်တိုင်အမှတ်(၁၄/၂) နှင့် အမှတ်(၃)လမ်းမကြီး မိုင်တိုင်အမှတ် (၄/၁)တို့တွင် လမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မက်စ်မြန်မာကုမ္ပဏီမှ BOT စနစ်ဖြင့်ဆောင်ရွက်သော လက်ရှိ (၄) လမ်းသွားမှ (၆) လမ်းသွားအဆင့် လမ်းတာပေါင်တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ကတ္တရာကွန်ကရစ်(AC) ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်တွင် မက်စ်မြန်မာကုမ္ပဏီမှတာဝန်ရှိသူက လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြမှုကို ပြည်ထောင်စုဝန်ကြီးက လမ်းအင်္ဂါရပ်များနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ပေးရန်၊ ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းအပိုင်းအား စီမံချက်အတိုင်းပြီးစီးရေးနှင့် မြေကြီးတာပေါင်လုပ်ငန်းများအား မိုးမကျမီအပြီးဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

  May 02 2023