...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ (ရန်ကုန်-မိတ္ထီလာ လမ်းပိုင်း) BOT တိုးဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၈

    ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေး လမ်းဟောင်း (ရန်ကုန်-မိတ္ထီလာလမ်းပိုင်း)ရှိ BOT တိုးဂိတ်များဖြစ်သည့် အမှတ်(၃)တိုးဂိတ်၊ ထောက်ကြန့်တိုးဂိတ်နှင့် ပဲခူးတိုးဂိတ်များ လမ်းအသုံးပြုခ ကောက်ခံဆောင်ရွက်နေမှုနှင့် ထောက်ကြန့်-ပဲခူးလမ်းပိုင်းရှိ့ U Turn များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခများကို သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံခြင်း မဖြစ်စေရေး၊ လမ်းအသုံးပြုခ ကောက်ခံနှုန်းထား ဆိုင်းဘုတ်များကို သိသာထင်ရှားစွာ ဖြစ်စေရေး စိုက်ထူထားရှိရန်၊ လမ်းအသုံးပြုခငွေပေးချေမှုကို Online စနစ်ဖြင့် ပေးချေနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုးဂိတ်များတွင် Cash Lane, K-pay Lane စသည်ဖြင့် သတ်မှတ်ဆောင်ရွက်ရန် လိုကြောင်း၊ လမ်းအသုံးပြုခ ကောက်ခံရရှိမှုကို စာရင်းဇယားများဖြင့် စာရင်းစစ်ခံနိုင်သည်အထိ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြ၍ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ (BOT )တိုးဂိတ်များဖြစ်သည့် ပျဉ်ပုံကြီးတိုးဂိတ်၊ ဟင်းငုတ်ပင်တိုးဂိတ်တို့၌ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသည့် အခြေအနေကို စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူခရိုင် လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးသို့ ရောက်ရှိပြီး တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ် လမ်းဦးစီးဌာန ဝန်ထမ်းများနှင့် တောင်ငူခရိုင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်း လိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းတိုးဂိတ်၊ ရမည်းသင်းတိုးဂိတ်တို့၌ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသည့် အခြေအနေကို လမ်းတစ်လျှောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

  Oct 11 2023