...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


လမ်း / တံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ မေလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ - တွံတေးလမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု ၊ တွံတေးတူးမြောင်းကို ဖြတ်ကျော်၍ တွံတေး - မအူပင်လမ်းနှင့် ချိတ်ဆက်နိုင်မည့် လမ်း / တံတားအခြေအနေ ၊ တွံတေး - မအူပင်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တွံတေး - မအူပင်လမ်း မိုင်တိုင် (၂၀/၆) နှင့် (၂၀/၇)ကြားတွင် (၂)လမ်းသွား ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု ၊ တံတားချဉ်းကပ်လမ်းနှင့် လမ်းမကြီးဆက်စပ်သည့်နေရာတွင် ရေတိုက်စားမှုမရှိစေရေးအတွက် နည်းပညာသစ်ကို အသုံးပြုကာ ကာကွယ်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပါသည်။

တွံတေး - မအူပင်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့သို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွား လာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများလည်း သွက်လက်မြန်ဆန်လာမည်ဖြစ်ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တွံတေးကြိုးတံတားဟောင်း ကြံ့ခိုင်မှုအခြေအနေ တို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တံတားဦးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့ (၁) မှ တွံတေးတူးမြောင်းကို ဖြတ်ကျော်တည်ဆောက်နေသည့် ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက် ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။

ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေး က ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်မည့် ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များ ၊ မြေယာလျော်ကြေးကိစ္စဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တံတားကြီးပြီးစီးသွားပါက ဆိပ်ကြီးခနောင်တို မြို့နယ် နှင့် ဒလမြို့နယ်တို့မှ ဒေသခံပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေမှာဖြစ်ကြောင်း ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးရေး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက် ရန် တို့ကိုမှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေးပါသည်။

ဆိပ်ကြီးခနောင်တိုတံတားသည် ရန်ကုန်တိုင်းဒေသကြီး ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်၍ တွံတေးတူးမြောင်းကို ဖြတ်ကျော်တည်ဆောက်ထားပြီး ၊ တံတားအမျိုးအစားမှာ အုတ်မြစ် သံကူကွန်ကရိဘိုးပိုင် ၊ အပေါ်ထည် ပင်မတံတား Nielsen Arch Bridge ၊ ချဉ်းကပ်တံတား Steel Box Girder နှင့် PC Girder တို့ဖြင့် တည်ဆောက်ထားပြီး စုစုပေါင်းတံတားအရှည် (၂၄၂၈) ပေ ၊ ယာဉ်သွားလမ်းအကျယ် (၂၈)ပေ ၊ ယာဉ်နှစ်လမ်းသွားနှင့် တံတား၏ခံနိုင်ဝန် တန်(၆၀)ဖြစ်ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ၊ လမ်းဦးစီးဌာန ၊ ရန်ကုန်တောင်ပိုင်းခရိုင်မှ ဒလ - တွံတေးလမ်းအပိုင်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက် နေမှုအခြေအနေကို လည်းကောင်း ၊ တွံတေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း ၊ တံတား အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  May 19 2022