...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံနေသည့်တိုးဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စီလမ်းဆုံတိုးဂိတ်၌ ကွန်ပျူတာစနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံနေမှု၊ CCTV တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ရေ၊ မီး ရရှိမှုနှင့် တိုးဂိတ်ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ လှပမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တိုးဂိတ်တာဝန်ရှိသူများက နေ့စဉ်လမ်းအသုံးပြုခ ကောက်ခံဆောင်ရွက်နေမှုနှင့် လမ်းအသုံးပြုခ ကောက်ခံရရှိမှုများကို စာရင်းဇယားများနှင့်တကွ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တိုးဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံရာတွင် ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေ မှန်ကန်စွာစာရင်းရေးသွင်းရေး၊ တိုးဂိတ်များအားလုံး CCTV တပ်ဆင်ထားပြီး ကွန်ပျူတာစနစ်ဖြင့် ကောက်ခံစေရေး၊ ကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ တိုးဂိတ်ပတ်ဝန်းကျင်သန့်ရှင်း၊ သပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကောက်ခံရရှိမှုစာရင်း ဇယားများရေးသွင်းရာတွင် ရုံးချုပ်ကသတ်မှတ်ထားသည့် ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) တစ်လျှောက်ရှိ တိုးဂိတ်များဖြစ်ကြသည့် တောင်ငူတိုးဂိတ်၊ ဖြူးတိုးဂိတ်၊ ဒရယ်မီးတိုးဂိတ်၊ ဘောနက်ကြီးတိုးဂိတ်၊ အမှတ် (၃) လမ်းဆုံ တိုးဂိတ်များကို ကြည့်ရှုစစ်ဆေးရာ တိုးဂိတ်တာဝန်ရှိသူများက နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

  Jul 15 2024