ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ဆောက်လုပ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ဒုတိယဝန်ကြီးဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ထူးချွန်ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတိုင်းတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေးအတွက် ပညာရေးတွင် များစွာရင်းနှီးမြှုပ်နှံပြီး ပညာရေးကဏ္ဍမြင့်မားရေးအတွက် အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ပညာတတ်များပေါများရေး၊ လူသားအရင်းအမြစ်များ ကြွယ်ဝရေးမြော်တွေးပြီး အရွယ်ရောက်သူတိုင်း ကျောင်းနေစေရေး၊ ကျောင်းနေသူတိုင်း ပညာတတ်များဖြစ်လာစေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍအသီးသီးတွင် တာဝန်ယူကြရမည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က ဘက်စုံ ထောင့်စုံ ကဏ္ဍစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ ဝန်ကြီးဌာနအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားမှု ပြီးဆုံးသည့်အခါ မိမိကိုယ်ပိုင်ရပ်တည်နိုင်သော စွမ်းရည်၊ မိမိကိုယ်တိုင်ထိန်းကျောင်းနိုင်သော စွမ်းအားများရရှိပြီး မိမိနှင့်မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံနှင့်ပြည်သူကို အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာနှင့် တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ပညာရည်ထူးချွန်သူများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်နှင့် ဆုငွေများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တက်ရောက်နေသူများအတွက် ပညာသင်ထောက်ပံ့ကြေးများကို တာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ပြီး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ၈၁ ဦးအနက် ခြောက်ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၀ ဦး စုစုပေါင်းဂုဏ်ထူးရှင် ၃၆ ဦး တို့အား ဂုဏ်ပြုဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်နှင့် ဆုငွေများပေးအပ်ပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၁၁၆ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 22 2024