...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိလမ်း၊ တံတားများပြင်ဆင်ထိန်းသိမ်းမှုနှင့် Charging Station များ ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၁

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နေပြည်တော်တိုးဂိတ်သို့ရောက်ရှိပြီး ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးကတိုးဂိတ်များ၏ မျက်မြင်ဥပဓိရုပ်များ အမြင်တင့်တယ်အောင် မွမ်းမံပြင်ဆင်သွားရန်၊ CCTV ကင်မရာများအပါအဝင် ကွန်ပျူတာစနစ်လုပ်ဆောင်မှုများကို စနစ်တကျပြင်ဆင်ထိန်းသိမ်းရန်မှာကြားပြီး ရုံးနှင့်ဝန်ထမ်းအိမ်ရာများသို့ ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) မိုင်တိုင် (၂၀၁/၀)၌ Earth Renewable Energy Co.,Ltd. မှ Charging Station ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်း၊ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည့်ပစ္စည်း များ ရောက်ရှိမှု၊ လျှပ်စစ်မီးသွယ်တန်းမှုနှင့် ကားဝင်/ထွက်လမ်း သတ်မှတ်နေရာများအား စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်ချိန်ပြီးစီးရေးအတွက် အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းရေးနှင့် ကြီးကြပ် ရေးအဖွဲ့ကလည်း လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်- ရန်ကုန်လမ်းပိုင်း) မိုင်တိုင်(၁၈၉/၃)၌ AC ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မိုင်တိုင်(၁၇၄/၃)တွင် မြေထိန်းနံရံပြုလုပ်နေမှု၊ လမ်းလယ်ကျွန်းနှင့် ရေဆင်းမြောင်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည့် Black Spot နေရာမိုင်တိုင်( ၁၆၇/၅)၌ Guard Rail များ ပြန်လည်တပ်ဆင်မှုတို့ကို ကြည့်ရှုစစ်ဆေးကာဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်အမှတ်အသား သတိပေးဆိုင်းဘုတ်များတပ်ဆင်ရန် မှာကြားပြီး မိုင်တိုင်(၁၅၇/၄)ရှိ Guard Rail များ တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေး၍ Guard Rail များ မိုးတွင်းကာလတွင်လည်း ကြာရှည်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရန် မှာကြား သည်။

ထို့နောက် မိုင်တိုင်(၁၅၁/၂)ရှိ ပေ ၂၀ အရှည် ထန်းတောတံတားကြံ့ခိုင်မှုနှင့် လမ်းလယ်ကျွန်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် လမ်းအပိုင်းလိုက် တာဝန်ယူထားသည့် အင်ဂျင်နီယာ များအနေဖြင့် ကြီးကြပ်ဆောင်ရွက်ရန်မှာကြားပြီး ဖြူးယာဉ်ရပ်နားစခန်းတွင် Charging Station ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ မိုင်တိုင် (၁၁၅/၀) ဖြူးတိုးဂိတ်၌ တိုးဂိတ်အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကွန်ပျူတာစနစ်များ စနစ်တကျအလုပ်လုပ်နိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်(၁၀၀/၀)၌ Guard Rail ပြင်ဆင်နေမှုနှင့် မိုင်တိုင်(၈၈/၀)ရှိ ပေ ၁၅၀ အရှည် အိုင်တုံတံတား ကြံ့ခိုင်မှု၊ ရေစီးမြောင်းများကြောင့် လမ်းသားပျက်စီး ထိခိုက်မှုမရှိစေရေးနှင့် AC ကတ္တရာလမ်းခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်(၀/၀)ရှိ အမှတ်(၃)တိုးဂိတ်သို့ ရောက်ရှိပြီး တိုးဂိတ်အဆောက်အအုံ၊ ကွန်ပျူတာစနစ် အလုပ်လုပ်ပုံတို့ကို ကြည့်ရှုစစ်ဆေး၍ Charging Station ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ချိန်ပြီးစီးရေး အလေးဂရုပြုဆောင်ရွက်ရန် လုပ်ငန်းနှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကလိုအပ်သည့် စက်ယာဉ်ယန္တရားများပံ့ပိုးကူညီ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

  Mar 20 2023