ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားဖြည့်သွင်းရုံ ဖွင့်ပွဲအခမ်းအနားများ တက်ရောက် လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေး
နေပြည်တော် မတ် ၂
Yar Zar Min Industry Co.ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တွတ်ပီကွေ့ (၆၂ လမ်း x ၁၂၀ လမ်း)ရှိ ဓာတ်အားဖြည့်သွင်းရုံရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်း၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယခုဖွင့်လှစ်သည့် ပြည်ကြီးတံခွန်မြို့နယ် တွတ်ပီကွေ့ (၆၂ လမ်း x ၁၂၀ လမ်း)ရှိ (EV Charging Station)သည် တစ်နိုင်ငံလုံးအနေဖြင့် (၁၆)ကြိမ်မြောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ (EV Charging Station) များတွင် ကားလေး ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ (EV Charging Station)များတွင် ကားလေး ၁၀ စီးနှင့် ဘတ်စ်ကားလေးစီး တစ်ပြိုင်တည်း အားသွင်းနိုင်ပြီဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ယခုလို (EV Charging Station)များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့များတွင်လည်း လျှပ်စစ်ကားများ အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရေး မြို့ပြလမ်းကွန်ရက်စနစ်နှင့် ချိတ်ဆက်ပြီး (EV Charging Station)များ အဆင်ပြေကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပြေးဆွဲအသုံးပြုနိုင်ရေး၊ အဓိကလမ်းမကြီးများ ဖြစ်ကြသည့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ဘုရားကြီး - သထုံ - မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း - ညောင်ဦးလမ်း၊ မိတ္ထီလာ - တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လာရှိုးလမ်းစသည့် နိုင်ငံ၏အဓိကလမ်းမကြီးများပေါ်တွင်လည်း ပြေးဆွဲနိုင်အောင် (EV Charging Station) များ တည်ဆောက်ရန် လျာထားစီစဉ်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ Yar Zar Min Industry Co.ltd မှ တာဝန်ရှိသူတစ်ဦးက (EV Charging Station) ဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့က ဓာတ်အားဖြည့်သွင်းရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီးက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် တက်ရောက်လာကြသူများသည် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (EV Charging Station) အတွင်း ကြည့်ရှုလေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည့် Myanmar Arr Thit Man Motor Co.ltd မှ တည်ဆောက် ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး Myanmar Arr Thit Man Motor Co.ltd မှ တာဝန်ရှိသူတစ်ဦးက (EV Charging Station) ဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများက မော်တော်ယာဉ် ဓာတ်အားဖြည့်သွင်းရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီးက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် တက်ရောက်လာကြသူများသည် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station)အတွင်း ကြည့်ရှုလေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စကားအင်း - အိုးထုတ္တန်းလမ်းပိုင်းပေါ်ရှိ အိုးထုတ္တန်း တိုးလ်ဂိတ်လမ်းအသုံးပြုခကောက်ခံ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Mar 04 2024