...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဝန်ကြီးဌာန(၁၂)ခုဖြင့် ဖွဲ့စည်းထားသည့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ တည်ဆောက်ရေးလုပ်ငန်းစိစစ်ဆောင်ရွက်မှုသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲတက်ရောက်

နေပြည်တော် ဩဂုတ် ၂၁

ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဖြစ်စေရန်နှင့် ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာအသုံးပြုနိုင်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ တည်ဆောက်ရေးလုပ်ငန်း စိစစ်ဆောင်ရွက်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ၌ကျင်းပရာ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဆွေးနွေးပို့ချပေးနိုင်ခဲ့

ဦးစွာ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးဆပ်ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန(၁၂)ခုမှ သင်တန်းသား သင်တန်းသူ ၃၆ ဦးကို ရက်သတ္တလေးပတ်ကြာ သင်တန်းပို့ချခဲ့ရာ ယနေ့တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများ၊ ကော်မတီသို့တင်ပြရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လုပ်ငန်းစဉ်များ၊ ရန်ပုံငွေခွဲဝေခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လွှဲပြောင်းသုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ မြို့ပြလုပ်ငန်းများအတွက် ခန့်မှန်းခြေစာရင်းရေးဆွဲခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းနှင့်ငလျင်ဒဏ်ခံ အဆောက်အဦများအတွက် နည်းပညာဆိုင်ရာ အကြံပြုချက်များ၊ လျှပ်စစ်/ ရေသန့်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဗိသုကာပိုင်း ဆိုင်ရာဒီဇိုင်းပုံစံထုတ်ခြင်း အခြေခံအချက်များ၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စံချိန်စံညွှန်းများ၊ ရုံးတိုးချဲ့ခြင်းများအတွက် Master Plan နှင့် ရုံးအဆောက်အဦပုံစံများ တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် မူဝါဒအကြောင်းအရာများကို ဆွေးနွေးပို့ချပေးနိုင်ခဲ့ပါကြောင်း။

စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေမည်

ယခုသင်တန်းကို အောင်မြင်စွာတက်ရောက်ပြီးဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ဌာနများတွင် လက်တွေ့အသုံးချခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ကော်မတီဝင်များဖြစ်သော အမြဲတမ်းအတွင်းဝန်များသို့ အကြံပြုတင်ပြဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ တည်ဆောက်ရေးလုပ်ငန်းစဉ်များ စနစ်တကျဖြစ်လာပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ ဆောက်လုပ်မှုကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

  Aug 25 2024