ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး အခမ်းအနား တက်ရောက်ဟောပြော
နေပြည်တော် ဧပြီ ၈
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ ဒုတိယဝန်ကြီးဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများတက်ရာက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန်နှင့် စစ်ပညာသင်ကြားရန် ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀) ရက်၊ အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄) ဖြင့် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း၌သာ ပြဋ္ဌာန်းခြင်းမျိုး မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများအပြား၌ ပြဋ္ဌာန်းကျင့်သုံးလျက် ရှိကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားများ၊ စစ်မှုထမ်းကာလ၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်တို့ကို ဝန်ထမ်းများသိရှိရန် ရှင်းလင်းချပြသွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများနှင့် အဖျက်အမှောင့်မီဒီယာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းတု၊ သတင်းမှားများ ရေးသားဖော်ပြနေသည့်အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ်စေရေး ဥပဒေပါအချက်အလက်များ၊ ပြဋ္ဌာန်းချက်များကို မိမိဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုဝင်များသိရှိရန် လိုအပ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေကို နည်းအမျိုးမျိုးဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေပြီး နှောင့်ယှက်ဆောင်ရွက်ခြင်းများရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနိုင်ပါကြောင်း၊ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ကင်းလွတ်ခွင့်ပြုသူများ၊ ရွှေ့ဆိုင်းခွင့်ပြုနိုင်သူများ၊ လျော့ပေါ့ခွင့်ပြုနိုင်သူများ၏ စည်းကမ်းသတ်မှတ်ချက် နောက်ဆုံးအခြေအနေကို ပြည်သူများသိရှိအောင် သတင်းစာများတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်လိုပါကြောင်း၊ မိမိပတ်ဝန်းကျင်ရှိပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေပါရည်ရွယ်ချက်များ၊ ပြဋ္ဌာန်းချက်များကို လက်ဆင့်ကမ်းမျှဝေပေးခြင်းဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
Apr 09 2024