ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နည်းပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပ
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နည်းပညာဆိုင်ရာသုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၂၁) ရက် ၊ နံနက် (၁၀) နာရီ အချိန်တွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ စုဝေးခန်းမ၌ ကျင်းပပါသည်။
အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ အင်ဂျင်နီယာချုပ်များ ၊ ညွှန်ကြားရေးမှူးများ ၊ စာတမ်းရှင်များ ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး / ပြည်နယ်ညွှန်ကြားရေးမှုးများသည် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က အဖွင့်အမှာစကားပြောကြားရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို အဆောက်အဦ ၊ လမ်း ၊ တံတား ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနများနှင့် ဖွဲ့စည်းထားသည်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ် သော တည်ဆောက်ရေး လုပ်ငန်းများတွင် အတွေ့အကြုံကောင်းများစွာ ရရှိပြီးသော အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း ၊ လုပ်ငန်းခွင်အသီးသီးတွင် ဆောင်ရွက်နေကြသော ဝန်ထမ်းများအတွက် အတွေ့အကြုံကောင်းများကို မျှဝေပေးနိုင်ရန် ရည်ရွယ်သလို ဆန်းသစ်တီထွင် ဖန်တီးတွေးခေါ် ကြံဆမှုတွေကို ပြုစုပျိုးထောင်ပေးပြီး တွေ့ရှိလာသည့်တိုးတက်လာသော နည်းပညာဆိုင်ရာ ပညာရပ်များ ၊ အတွေ့အကြုံများ ၊ သတင်းအချက်အလက်နှင့် သုတေသန တွေ့ရှိချက်များကို ဆွေးနွေးနှီးနှောဖလှယ်ရန် ရည်ရွယ်ပြီး နည်းပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း။
ယနေ့ခေတ်ကာလမှာ ပညာရေးနှင့် သုတေသနလုပ်ငန်းတွေမှာ အားပေးချီးမြှောက်ခြင်း မရှိသည့် အဖွဲ့အစည်းတွေဟာ ရေရှည်တည်တံ့ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲလာမှာ ဖြစ်ပါ ကြောင်း ၊ မိမိတို့ဝန်ကြီးဌာန စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ပညာရပ် ဆိုင်ရာ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် ဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ကျင်းပရခြင်းလည်း ဖြစ်ပါကြောင်း။
ယခု စာတမ်းဖတ်ပွဲတွင် နိုင်ငံ့ဝန်ထမ်းများအနေနှင့် မိမိတတ်ကျွမ်းထားသည့် ပညာရပ် များကို ရပ်တန့်မထားပဲ စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး စာတမ်းများ ပြုစုရေးသားတင်ပြကြ သည့်အတွက် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုအပ်ပါကြောင်း။
ယနေ့စာတမ်းဖတ်ပွဲအတွက် အကြိုတင်ပြလာသော စာတမ်းများအနက် ပထမဦးစားပေး အဖြစ် စာတမ်း(၉)စောင်ကိုသာ ဖတ်ကြားရန် ရွေးချယ်ခဲ့ပြီး ကျန်ရှိသည့်စာတမ်းများအတွက် နောက်ထပ်ပြုလုပ်မည့် စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များအနေဖြင့် ဆက်လက်ကြိုးစား ပေးစေ လိုပါကြောင်း။
ယနေ့ဖတ်ကြားမည့် စာတမ်းများသည် ဝန်ကြီးဌာန၏ ပညာရပ်ဆိုင်ရာ အကျိုးပြုမည့် စာတမ်းများဖြစ်သလို တည်ဆောက်ရေး ကဏ္ဍအတွက် မှီငြမ်းအသုံးပြုနိုင်သော အားထားစရာ စာတမ်းများအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ တွေ့ရှိရပါကြောင်း။
နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် သုတေသနနှင့် နည်းပညာ ဆိုင်ရာ စာတမ်းတွေကို တက်ရောက်လာသည့် ပုဂ္ဂိုလ်များ အားလုံးက စိတ်ပါဝင်စားစွာ နှင့် စာတမ်းဖတ်ပွဲများ၏ အစဉ်အလာဖြစ်တဲ့ မေးခွန်းများမေးမြန်းခြင်း ၊ ထောက်ပြဆွေးနွေးခြင်းများ ပြုလုပ်ခြင်းဖြင့် ပညာရပ်ဆိုင်ရာ အတွေ့အကြုံများကို ကောင်းစွာနှီးနှောဖလှယ်ခြင်းဖြင့် စာတမ်း ဖတ်ပွဲတစ်ခု၏ အနှစ်သာရကောင်းများကို ဝိုင်းဝန်းဖော်ဆောင်ကြစေလိုပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်နှင့် စာတမ်းဖတ်ပွဲကို တက်ကြွစွာ တက်ရောက်ပြီး ပညာရပ်ဆိုင်ရာ စာတမ်းများကို ဆွေးနွေး ဖတ်ကြား ပေးသည့် ဝန်ထမ်းများ ၊ စာတမ်းဖတ်ပွဲအား ဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများ ၊ စာတမ်းရှင်များ အားလုံးကို အသိအမှတ်ပြုပါကြောင်း။
နည်းပညာဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သုတေသနပြုစာတမ်းများ ပိုမို ကျယ်ပြန့်စွာဖတ်ကြားလာနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ယခုစာတမ်းဖတ်ပွဲ၏ရည်ရွယ်ချက် အတိုင်း ဝန်ကြီးဌာန၏ ဝန်ထမ်းကောင်းများ ၊ ပညာရှင်များပျိုးထောင်မွေးထုတ်ပေးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကြရန် တိုက်တွန်းပါ ကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် Moderator အဖြစ် ဆောင်ရွက်သည့် လမ်းဦးစီးဌာန ၊ အင်ဂျင်နီယာချုပ် ဦးကြည်သွင်ဦး က နည်းပညာဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များ လိုက်နာရ မည့် စည်းမျဉ်း ၊ စည်းကမ်းများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးရုံး ၊ အဆောက်အဦ ၊ လမ်း ၊ တံတား နှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ စာတမ်းရှင်များက ၎င်းတို့၏ နည်းပညာဆိုင်ရာ သုတေသနစာတမ်းများကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အသီးသီးရှင်းလင်းဖတ်ကြားကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် တက်ရောက်လာသည့် အရာထမ်း ၊ အမှုထမ်းများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးကြပြီးနောက် စာတမ်းဖတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိ ရပါသည်။
Jan 02 2023