...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားဦးစီးဌာန / သတင်းများ


ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်း ၇၆ ရာခိုင်နှုန်း ပြီးစီးလျက်ရှိ

နေပြည်တော် ဧပြီ ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့်သန်လျင်မြို့နယ်တို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းခွင် သန်လျင်ဘက်ခြမ်းသို့ရောက်ရှိပြီး တံတားဦးစီးဌာမှ တာဝန်ရှိသူများက တံတားတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ တံတားချဉ်းကပ်လမ်း ဆောင်ရွက်ပြီးစီးမှုတို့ကို လုပ်ငန်းခွင်အတွင်း လိုက်လံရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြစ်အား စက်လှေများဖြင့် ဖြတ်သန်း၍ Cable Stay Main Tower အမှတ် (၁)ဖြစ်သော ရေလယ်တိုင် P11 ပေါ်သို့ တက်ရောက်စစ်ဆေးပြီး Main Tower အမှတ်(၂) P12 တွင် Pier Head များ ဆောင်ရွက်ပြီးစီးမှု၊ P16,P17,P18,P19 နှင့် P20 တို့ တွင် လွန်းထိုးခြင်း(Launching) နည်းပညာကို အသုံးပြု၍ P.C Box Girder များ တပ်ဆင်နေမှု တို့ကို စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဘက်ခြမ်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးကျော်ကောင်းချိုက တံတားဆိုင်ရာ အချက်အလက်များ၊ တံတားကြီးပြီးစီးပက ရရှိလာမည့် အကျိုးကျေးဇူးများ၊ လုပ်ငန်းများဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်ရေးသည် မိမိတို့၏ အဓိကတာဝန် ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ မွေးထုတ်ပြုစုပျိုးထောင်ပေးရန် လိုပါကြောင်း၊ တည်ဆောက်ရေးအပိုင်းတွင် အဓိကကျသည့် ဒီဇိုင်းပညာရပ်များကို ဌာနရှိ ဝန်ထမ်း ဖြင့် တိုးတက်အောင်ဆောင်ရွက် ရန်လိုပါကြောင်း၊ ယခုတံတားတည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေကြသောဌာနမှ ဝန်ထမ်းအင်ဂျင်နီယာများအနေဖြင့် အဆင့်မြင့်တံတား တည်ဆောက်ခြင်း နည်းပညာရပ်များကို လုပ်ငန်းခွင်မှ လေ့လာသင်ယူ၍ လူ့စွမ်းအားအရင်းအမြစ် မြင့်မားလာအောင် ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်အချိန်အတွင်း ပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်းရေးတို့ကို ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ်-၃) တည်ဆောက် ပြီးစီးပါက ရန်ကုန်မှသန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်း သက်သာလာမည်ဖြစ်သည်။ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ တံတားတစ်စင်းလုံး လုပ်ငန်းပြီးစီးမှု ၇၆ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေးလျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  May 02 2023