ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးများ ကြည့်ရှုစစ်ဆေး
ဖလမ်း အောက်တိုဘာ ၂၈
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် အောက်တိုဘာ(၂၈)ရက် ယနေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့တွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့မရဲစခန်းပြုပြင်ပြီးစီးမှု၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအဆောက်အဦပြုပြင်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးအားလည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဌာန၊ ခရိုင်နှင့်မြို့နယ်စီမံကိန်း ဦးစီးရုံးပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဖလမ်းမူလတန်းကြိုကျောင်းသို့သွားရောက်ပြီး ကလေးငယ်များအတွက် အာဟာရများထောက်ပံ့ပေးအပ်ကာ ကလေးများ၏ကဗျာရွတ်ဆိုနေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံကြီးအတွက် အသစ်ရောက်ရှိလာသော Mobile Digital X-ray တပ်ဆင်ပြီးစီးမှုနှင့် လူနာများအား စတင်ရိုက်ကူးပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ Mobile Digital X-ray ဓါတ်မှန်အသစ် တပ်ဆင်အသုံးပြုခြင်းဖြင့် ဒေသခံများအားရောဂါရှာဖွေရာတွင် ပိုမိုတိကျစွာဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
အလားတူ အောက်တိုဘာလ(၂၇)ရက် ညနေပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့်အဖွဲ့ဝင်များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တို အိတ်ချိန်း/မိုက္ကဝေ့စခန်း အဆောက်အဦပြုပြင်ပြီးစီးမှု အခြေအနေနှင့်ဆက်သွယ်ရေးကုန်းအတွင်းရှိ ဖလမ်းမြို့ပင်မရေပေးဝေရေးကန် ရေဂါလံတစ်သိန်းဆန့်ရေလှောင်ကန်နှင့် လှုရ်မှုန်ရိပ်သာအနီးရှိ မြို့တွင်းရေဖြန့်ဝေကန် ရေဂါလံ နှစ်သောင်းခွဲဆံ့တစ်လုံးနှင့် တစ်သောင်းဆံ့ ၁လုံးမှတစ်ဆင့် မြို့တွင်းရေ ဖြန့်ဝေပေးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးသည်။ ဖလမ်းမြို့ (၈)ရပ်ကွက်အား ရေဂါလံတစ်သိန်းဆံ့ ပင်မရေလှောင်ကန် (၄)လုံး၊ မြို့တွင်းဖြန့်ဝေကန် (၃၉)လုံးဖြင့် သောက်သုံးရေများ လုံလောက်စွာဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
Oct 29 2026