အဆောက်အဦဦးစီးဌာန / သတင်းများ
စုပေါင်းရုံးအဆောက်အဦ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦနှင့် EV Charging Station တို့ကို ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်(ခ)အဆင့် စုပေါင်းရုံး သုံးထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးသည်။
ဦးစွာ အဆောက်အဦအထူးအဖွဲ့(၆) တာဝန်ခံအင်ဂျင်နီယာက Site Plan ၊ ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းစာရင်း၊ လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးနှင့် လက်ရာလက်သား ကောင်းမွန်အောင် တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး စုပေါင်းရုံး သုံးထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်(၆၂)လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင် ရာဇာမင်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် EV Charging Station လုပ်ငန်းဆောင်ရွက်ပြီးစီး မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆောင်ရွက်လျက်ရှိသော EV Charging Station များကို ကော်မတီမှ သတ်မှတ်ထားသည့်ပုံစံအတိုင်း အမြန်ဆုံး ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးပါက ဖွင့်ပွဲအခမ်းအနားဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ခံအင်ဂျင် နီယာကSite Plan ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစာရင်း၊ လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များကို ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးနှင့် လက်ရာ လက်သားကောင်းမွန်အောင်တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူအဆင့်ဆင့်မှ အထူးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
Nov 21 2023