ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ရုံးချုပ်တို့မှ ဒုတိယညွှန်ကြားရေးမှူးအဆင့် မြို့ပြအင်ဂျင်နီယာအရာထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များမှာကြား
နေပြည်တော် ဖေဖော်ဝါရီ ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ရုံးချုပ်တို့မှ ဒုတိယညွှန်ကြားရေးမှူးအဆင့် မြို့ပြအင်ဂျင်နီယာအရာထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ရုံးချုပ်တို့မှ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ရာထူးနှင့်ပတ်သက်၍ တိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မျှတမှုရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်ရာတွင် ကျေပွန်အောင် ထမ်းဆောင်ရန်လိုကြောင်း၊ ထို့ပြင် သက်ဆိုင်ရာအဆင့်ဆင့် တာဝန်ရှိသူများအနေဖြင့်လည်း ဝန်ထမ်းများအပေါ် သာတူညီမျှ ကွပ်ကဲအုပ်ချုပ်ကြရန်၊ အမြဲမပြတ် ထိတွေ့ဆက်ဆံကာ ၎င်းတို့၏ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်များ၊ ကိုယ်ရေးကိုယ်တာအခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးများကို မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့ပြအင်ဂျင်နီယာအရာထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်က နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဝန်ကြီးက ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများ၊ လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒုတိယညွှန်ကြားရေးမှူး မြို့ပြအင်ဂျင်နီယာအရာထမ်းများ ပါဝင်သောအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့သွားရောက်၍ ကျောက်စာစေတီတော်များနှင့ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်တို့နှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး ရုပ်ပွားတော်မြတ်ကြီးတည်ထားသည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ဖူးမြော် ကြည်ညိုလေ့လာခဲ့ကြောင်း သိရသည်။
Feb 06 2024