...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မိတ္ထီလာ - တောင်ကြီး လမ်းပိုင်းရှိ သဘာဝဘေးကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အခိုင်အမာတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး(လမ်းဟောင်း)၏ တပ်ကုန်း - ရမည်းသင်းလမ်းပိုင်း ပြုပြင်ထိန်းသိမ်းထားမှုနှင့် ပျော်ဘွယ်-ဘုရားငါးဆူလမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီ လိတ်လမ်းပိုင်းသည် ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသော လမ်းတစ်လမ်းဖြစ်၍ သဘာဝဘေးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် အမြန်ဆုံးပြင်ဆင်သွားရန်လိုပါကြောင်း၊ လမ်းတစ်လျှောက် လမ်းအင်္ဂါရပ်နှင့်အညီ ပြုပြင်ရန်လိုအပ်ပါကြောင်း၊ ရေတိုက်စား၍ ပျက်စီးသည့်နေရာများတွင် ကျောက်ကြီးစီမြေထိန်းနံရံများ စနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးရန်နှင့် လမ်းဘေးဝဲ/ယာတွင် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ၊ ချုံနွယ်များ ရှင်းလင်းပေးရန် မှာကြားသည်။

ထို့နောက် မိတ္ထီလာ - တောင်ကြီးလမ်းပိုင်း မိုင်တိုင်အမှတ် (၄၇/၂)တွင် ရေတိုက်စား၍ ပျက်စီးသွားသည့် နေရာကို Retaining Wall ဖြင့် လုပ်ငန်းအဆင့်ဆင့် ပြုပြင်ဆောင်ရွက်နေမှုနှင့် မိုင်တိုင်အမှတ် (၆၂/၃)တွင် Retaining Wall တည်ဆောက်ပြီးစီးမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး နှစ်စဉ်ရေတိုက်စားသည့် နေရာများနှင့် လမ်းသားပျက်စီးမှုများပြားသည့် နေရာများ၌ လမ်းလွှဲဖောက်လုပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းတွင် ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ရွှေညောင်မြို့အနီးရှိ လမ်းအသုံးပြုခကောက်ခံသည့် Toll Plaza တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

  Nov 07 2024