...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


လေးမျက်နှာမြို့နယ် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင် တာတမံပိတ်ဆို့ ကာရံခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး စီမံဆောင်ရွက်နေ

နေပြည်တော် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေစီးကျော်ဝင်သည့်နေရာတွင် တာတမံပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစဉ် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၅) နှင့် တံတားအထူး အဖွဲ့ (၁၆) တို့မှ Steel Sheet Pile / Stand Pipe ရိုက်သွင်းပြီးစီးခဲ့မှု၊ တာတမံကာရံခြင်းလုပ်ငန်းများကို ဝန်ထမ်းများနှင့် အလုပ်သမားများက နေ့ညမပြတ်လုပ်ငန်းဆောင်ရွက်နေမှု၊ Geo-bags အိတ်ကြီးများကို ကရိန်းများဖြင့်ချထားမှု၊ ရိုက်ပြီး Steel Sheet Pile များ နောက်တွင် သဲအိတ်ချထားမှု၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက သောင်တူးစက်ကြီး ရေယာဉ်တွဲဖြင့်သဲတူးဖော်ပြီး ရေဝင်လမ်းကြောင်းအနီးသို့ သဲမှုတ်တင်ခြင်း ဆောင်ရွက်ထားမှု၊ ရေဝင်လမ်းပိတ်ဆို့ကာကွယ်ခြင်းအတွက် CB တွဲခွံအတွင်းသို့ သဲ၊ ကျောက်ထည့်သွင်း၍ နစ်မြုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေဝင်လမ်းကြောင်းကို ပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြန်ပြီးစီးနိုင်ရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်၊ Steel Sheet Pile များကို Vibro-Hammer စက်ဖြင့် ရိုက်သွင်းခြင်းအား အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားကြရန်၊ ကျားကန်ခြင်း၊ ဒေါက်ကန်ခြင်း လုပ်ငန်းများအပြင် စက်၊ယာဉ်/ ယန္တရားများကိုအသုံးပြု၍ သဲအိတ်များ၊ Stand Pipe များဖြင့် ရေဝင်လမ်းကြောင်းများကို ကာရံသွားရန် မှာကြားသည်။

အဆိုပါခရီးစဉ်အတွင်း Oriental Highway ကုမ္ပဏီလီမိတက်က B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် - ပုသိမ်လမ်းအခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ Oriental Highway ကုမ္ပဏီလီမိတက်နှင့် ငါးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လမ်းဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တလုတ္ထော်-လေးမျက်နှာ လမ်းပိုင်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

  Sep 08 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်