ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
နည်းပညာပိုင်းနှင့် ဒီဇိုင်းပုံစံများဆောင်ရွက်ရာတွင် အကုန်အကျသက်သာစေရန်နှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်လို
နေပြည်တော် ဖေဖော်ဝါရီ ၁၅
တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ (၁/၂၀၂၃) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
စနစ်တကျဆောင်ရွက်
အစည်းအဝေးတွင် တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများ လျာထားရာတွင် လုပ်ငန်းစီမံကိန်းသစ်၊ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများဖြင့်ခွဲခြားပြီး မိမိတို့ဝန်ကြီးဌာနမှ ခွဲဝေရရှိသော ငွေလုံးငွေရင်း အသုံးစရိတ်ဘောင်အတွင်းမှ လျာထားဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များမှာ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ဘောင်အတွင်းမှ စနစ်တကျဖြစ်စေရန်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နည်းပညာပိုင်းနှင့် ဒီဇိုင်းပုံစံများ ဆောင်ရွက်ရာတွင် အကုန်အကျသက်သာစေရန်နှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာငွေရသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် လိုက်နာဆောင်ရွက်ရန် အချက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး လိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့် မူဝါဒများကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်က ထုတ်ပြန်ထားသည့်အမိန့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို မှာကြား ခဲ့ကြောင်း သိရသည်။
Feb 16 2023