ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
အဆောက်အဦ၊ လမ်းနှင့် တံတားဦးစီးဌာနတို့၏ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သို့ ရောက်ရှိပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် လုပ်ငန်း ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သည် ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအား အရည်အသွေးမြင့်မားစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် သင်တန်းများ ပို့ချသင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ဌာနက ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံကြိုးစား အားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး တာဝန်များကို ကြိုးစားထမ်းဆောင်ခြင်းဖြင့် မိမိနှင့်ဌာန၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆောက်အဦဦးစီးဌာန၏ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ၊ လမ်းဦးစီးဌာန၏ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ၊ တံတားဦးစီးဌာန၏ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲတို့သို့ ရောက်ရှိပြီး တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီရေး စစ်ဆေးဆောင်ရွက်သည့် အခြေအနေများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုစစ်ဆေးသည့် ကိရိယာများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်း များကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းများသည် တစ်နိုင်ငံလုံးရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် များစွာအရေးပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ISO အသိအမှတ်ပြုလက်မှတ်ရရှိပြီးသော ဌာနဖြစ်၍ စနစ်တကျစစ်ဆေး ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ခေတ်နှင့်အညီ ဖြည့်တင်း ပေးနိုင်ရေး စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုကြရန်နှင့် လုပ်ငန်းခွင်အရည်အသွေး ထိန်းသိမ်းရေးအတွက် အကျိုးရှိရှိ အသုံးပြုရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လွဲချော်မှုမရှိစေရေး ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် လုပ်ငန်းလိုအပ်ချက်များ အကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 19 2024