...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၇

ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် ကျောင်းအုပ်ကြီးက ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများကို အရည်အသွေးမြှင့်တင်နိုင်စေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့်အခြေအနေ၊ နှစ်အလိုက် သင်တန်းများပို့ချနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သည် ပြည်ပအလုပ်အကိုင်များ ရရှိစေရေးအတွက် သက်မွေးပညာရပ် လုပ်သားကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ စစ်ဆေးအကဲဖြတ်ထုတ်ပေးရန်အတွက် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(National Skills Standards Authority- NSSA) ဖွဲ့စည်း၍ ဆောက်လုပ်ရေးဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၁၀ နှစ်အတွင်း နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သား ၃၄၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့သဖြင့် နိုင်ငံတော်အတွက် အထောက်အပံ့ဖြစ်စေ၍ ပိုမိုအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီကို ဦးစီးဆောင်ရွက်နေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အငယ်တန်းအင်ဂျင်နီယာများကို တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာလုပ်ငန်းစိတ်များ၊ အရည်အသွေးနှင့် ဈေးနှုန်းစစ်ဆေးခြင်း (QA/QC)များကို မှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်တွင် လုပ်ငန်းခွင်မပျက် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားနေသကဲ့သို့ ယခုသင်တန်းကျောင်းတွင်လည်း အခြားဝန်ကြီးဌာနများမှ အငယ်တန်းအင်ဂျင်နီယာများကို သင်ရိုးညွှန်းတမ်းနှင့်တကွ သင်ကြားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသည့် စာတွေ့/ လက်တွေ့သင်ခန်းစာများကို မိမိလုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည်အသုံးချသွားနိုင်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းတက်ရောက်နေသော သင်တန်းသားများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့၏ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ စက်မှုဌာနခွဲသို့ ရောက်ရှိရာ တာဝန်ရှိသူက ဌာန၏ ဝန်ထမ်းနှင့် စက်ယန္တရားများ ပြင်ဆင်စုဖွဲ့ထားရှိမှု၊ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အသုံးပြုမည့် စက်၊ ယာဉ်၊ ယန္တရားအခြေအနေတို့ကို အသေးစိတ်ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်၊ ယာဉ်၊ ယန္တရားများ ပြင်ဆင်စုဖွဲ့မှုအနေဖြင့် ပုံမှန်တည်ဆောက်ရေးလုပ်ငန်းများကိုသာမကအထူး စီမံကိန်းများနှင့် သဘာဝဘေးဒဏ်ကြောင့် အရေးပေါ်လိုအပ်သည့်နေရာများသို့ လိုအပ်ချက်အရ ချက်ချင်းပေးပို့ဆောင်ရွက်နိုင်သည်အထိ စက်၊ ယာဉ်၊ ယန္တရားများ ကောင်းမွန်နေရန်လိုအပ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုလည်း အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး စက်၊ ယာဉ်၊ ယန္တရားများ ထိန်းသိမ်းထားရှိမှု၊ စက်ယန္တရားများ သရုပ်ပြစမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

  May 23 2024