တံတားဦးစီးဌာနသမိုင်း

၁။      ၁၉၆၅ ခုနှစ်တွင် လမ်းလုပ်ငန်းဌာနအား အခြားဝန်ကြီးဌာန လက်အောက်မှ မြို့ပြ အင်ဂျင်နီယာ (၂၁)ခုနှင့် ပူးပေါင်းပြီး ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်း (Public  Work  Corporation) အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

၂။     ၁၉၇၂ ခုနှစ်တွင် ဆောက်လုပ်ရေးကော်ပိုရေးရှင်း ( Construction  Corporation)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် လမ်းတံတားလေယာဉ်ကွင်းဦးစီးဌာန လက်အောက်၌ တံတားပုံထုတ် ဌာနစိတ် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ တိုင်းဆောက်လုပ်ရေးစီမံကိန်းအဖွဲ့များ ဖွဲ့စည်းပြီး တိုင်း/ဆောက်(၁၃) သည် တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်ခဲ့ပါသည်။

၃။     ၁၉၈၉ ခုနှစ် ဧပြီ (၁)ရက်နေ့မှစ၍ ပြည့်သူ့ဆောက်လုပ်ရေးလုပ်ငန်း (Public Works) ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ၊ လမ်းတံတားဦးစီးလက်အောက်တွင် တံတားပုံထုတ်နှင့် မြေစမ်းသုတေသနဓါတ်ခွဲခန်းများ ရုံးများပါဝင်ပြီး တံတားလုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။

၄။     ၁၉၉၈ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကို ပြုပြင်ဖွဲ့စည်း ခဲ့ရာတွင် တံတားဦးစီးဟူ၍ ပေါ်ပေါက်လာပြီး အထူးစီမံကိန်းဝင်တံတားစီမံကိန်းကြီး(၂)ခု ၊ တံတားအထူး အဖွဲ့(၁၆)ဖွဲ့တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၅။      ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ်(၂/၂၀၁၅) သဘောတူခွင့်ပြုချက်အရ ၂၀၁၅ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းကို အဆောက်အဦဦးစီးဌာန ၊ လမ်းဦးစီးဌာန ၊ တံတားဦးစီးဌာန ဟူ၍ ပြင်ဆင် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၆။     တံတားဦးစီးဌာနကို ၂၀၁၅ ခုနှစ် ဧပြီလ (၁)ရက်နေ့မှစ၍ အရာထမ်း (၃၅၂) ၊ အမှုထမ်း (၁၅၇၈) စုစုပေါင်း (၁၉၃၀)ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ တံတားဦးစီးဌာနတွင် ရုံးချုပ် ဌာနခွဲ(၁၄)ခု ၊ တည်ဆောက်ရေးအဖွဲ့(၄)ဖွဲ့ ၊ တံတားအထူးအဖွဲ့(၁၆)ဖွဲ့တို့ဖြင့် တံတားတည်ဆောက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောက်ရွက်လျက်ရှိပါသည်။

၇။     လုပ်ငန်းလိုအပ်ချက်အရ ဝေးလံခေါင်သီသည့်ဒေသများတွင် လုပ်ငန်းသစ်တံတားများကို တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တံတားစီမံကိန်းအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းဆောင်ရွက် ပါသည်။ ယခုအခါ တံတားစီမံကိန်းအဖွဲ့(၁)ချင်းပြည်နယ် နှင့် တံတားစီမံကိန်းအဖွဲ့(၄)မောင်တောခရိုင် တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်နေပါသည်။

၈။     တံတားဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း အဓိကလိုအပ်နေသော တံတားများအားလုံး လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ပေးရန် မျှော်မှန်းချက်ထားရှိ၍ နှစ်ရှည်စီမံကိန်းအရ အဓိကပင်မ သွေးကြောလမ်းမကြီးကွန်ရက်နှင့် အမြန်လမ်းမကြီးကွန်ရက်တို့ ပါဝင်သောလမ်းများနှင့် နိုင်ငံတကာ ဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများအား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင် တည်ဆောက်ရန်နှင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆောင်ရွက်ဆဲတံတားများအား အဆင့်မြှင့်တင် တည်ဆောက်ရန် ၊ (၂၀၃၀)ခုနှစ်တွင် မြန်မာနိုင်ငံရှိ တံတားများအားလုံး သံကူကွန်ကရစ်တံတားများ ဖြစ်စေရေး ရည်မှန်းချက်ထားရှိကာ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိနေပြီ ဖြစ်ပါသည်။

၉။     တံတားဦးစီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံ ဖြစ်သော လမ်းပန်းဆက်သွယ်မှုကဏ္ဍလုံခြုံချောမွေ့ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် Quality Management System ဖြင့်  တံတားများ အသစ်တည်ဆောက်ခြင်း ၊ အဆင့်မြှင့်တင်ခြင်း ၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဝန်ကြီးဌာန၏ မူဝါဒ ၊ ရည်မှန်းချက် ၊ ရည်ရွယ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။