ဧရာဝတီရှိ လမ်းတံတားများနှင့် ရန်-မန်း အမြန်လမ်း ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၉-၅-၂၀၂၁)ရက်နေ့ ညနေပိုင်းတွင် သံတွဲ – ဂွ – ငါးသိုင်းချောင်း လမ်း (ဂွ – ငါးသိုင်းချောင်းအပိုင်း)တွင် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၂၀)၏ ရေနံ့သာလမ်းဆုံ 0 km မှ ရခိုင်ပြည်နယ်စပ် 35.29 km အထိ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် အတက်အဆင်း မတ်စောက်သည့် လမ်းကွေ့နေရာတွင် သတ်မှတ် လမ်းအင်္ဂါရပ်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကားများနှင့် ခရီးသည်တင် Express ကားများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် နေရာများတွင် Guard Rail များ၊ Guard Post တိုင်များနှင့် လမ်းနယ် သစ်ပင်ကြီးများ စနစ်တကျ စိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လမ်းစခန်း ရှင်းလင်းဆောင်တွင် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၂၀) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းကျော်အောင် က ဂွ – ငါးသိုင်းချောင်းလမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း) တွင် 0 km မှ 35.29 km အတွင်း အကျယ်(၁၈)ပေ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု၊ လမ်းဘေးရေနုတ်မြောင်းနှင့် လမ်းပုခုံးများ တပါတည်း ခင်းကြိတ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦး က ဖြည့်စွက်ရှင်းလင်းတင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပြီး ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့သို့ ရောက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ရေကြည်မြို့နယ်၊ ရန်မျိုးအောင် – ရုံးတုံး – အစုကြီး – ရွှေနံ့သာလမ်း အရှည် (၉)မိုင်(၂)ဖာလုံရှိ သည့်အနက် (၁)မိုင်(၆)ဖာလုံအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အရှည်(၂၀၀)ပေ ဆင်ကူး ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးစဉ် ဒေသခံ ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များထဲမှ မရှိမဖြစ် အမြန်လိုအပ်နေသည့် တံတားနှင့်ဆက်စပ်သည့် လမ်းအပိုင်း အရှည်(၉၀၀)ပေ အား အမြန်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဆက်စပ်လမ်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အားပေးစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် – ပုသိမ်လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး ဗိုလ်မြတ်ထွန်း တံတားသို့ ရောက်ရှိပြီး တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးထွန်းလင်း ဦးဆောင်သော တံတား ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့၊ ကျွမ်းကျင်အရည်အသွေးစစ်ဆေးရေးအဖွဲ့များမှ ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများ အသုံးပြု၍ တံတားသံမဏိ ကိုယ်ထည်အောက်ပိုင်း ပြင်ဆင်ခြင်း၊ ဆေးမှုတ်ခြင်းနှင့် တံတားအပေါ်ထည် သံပေါင်များ ဆေးမှုတ်ခြင်း တို့ကို ဆောင်ရွက်နေခြင်းအား ကြည့်ရှုစစ်ဆေး ပါသည်။ ဆက်လက်၍ ရန်ကုန်-ပုသိမ်လမ်း ၊ ဧရာဝတီတိုင်းဒေသကြီး ဗိုလ်မြတ်ထွန်းတံတားမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအထိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်း စေရန် လမ်းညွှန်ဆိုင်းဘုတ်များ၊ သတိပေး အသိပေးဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၀-၅-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း (ရန်ကုန် – နေပြည်တော် အပိုင်း)တွင် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် Guard Rail များ ဆောင်ရွက်ထားရှိမှု၊ ယာဉ်အန္တရာယ် လျော့နည်းကင်းရှင်းစေရေး လမ်းလယ်ကျွန်းအား Depressed Median အဖြစ် ပြန်လည်ပြုပြင်နေမှု၊ လမ်းဘေးဝဲယာ လေကာပင်များ ၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပါသည်။
မိုင်တိုင်အမှတ်(၃၂/၀ နှင့် ၃၂/၁)ကြားတွင် အရှည်(၆၀)ပေ ကွန်ကရစ်တံတားကို လက်ရှိ (၂)လမ်းသွား တံတားမှ (၄)လမ်းသွား တံတား အဆင့်သို့ တိုးချဲ့တည်ဆောက်မည့် အခြေအနေတို့ကို အမြန်လမ်း တံတားများ တိုးချဲ့ရေးကြီးကြပ်မှု တာဝန်ခံအင်ဂျင်နီယာချုပ် ဦးမျိုးဝင်းနှင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၉) နှင့် တံတားအထူးအဖွဲ့(၁၀)တို့မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးနှင့် ဦးမျိုးသက်ထွန်း တို့က ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး) ဦးသိန်းမြင့်မွန် က ဖြည့်စွက်တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီး က အမြန်လမ်း တံတားများအား (၂)လမ်းသွား တံတားအဆင့်မှ (၄)လမ်းသွား တံတားများအဖြစ် အဆင့်တိုးမြှင့် တည်ဆောက်သွားရန် ဖြစ်ပါကြောင်း ၊ တိုးချဲ့တည်ဆောက်နေသည့် တံတားများ၏ အရည်အသွေး ပြည့်မီရေး အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ လက်ရှိတံတားများ၏ ကြံ့ခိုင်မှုအပိုင်းကိုလည်း အမြဲမပြတ် စစ်ဆေးပေးရန်လို ပါကြောင်း မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၃၉/၂ နှင့် ၃၉/၃) ကြား အရှည်(၄၀)ပေ Under Pass အား ကြည့်ရှုစစ်ဆေးပြီး တံတားကြံ့ခိုင်မှု၊ သန့်ရှင်းသာယာလှပရေး ၊ လမ်းညွှန်အမှတ်အသားများ ထားရှိရေးနှင့် တံတားအောက်ပိုင်းတွင် သတ်မှတ်ချက်နှင့်အညီ ဆေးများသုတ်ပေးရန် တာဝန်ရှိသူများအားမှာကြားပါသည်။ ဆက်လက်၍ လမ်းလယ်ကျွန်းတွင် Raised Median မှ Depressed Median သို့ ပြောင်းလဲဆောင်ရွက်ထားရှိမှု ၊ ရေစီးရေထွက် ကောင်းမွန်ရေး ရေမြောင်းများ ရှင်းလင်းပေးရန်တို့ကို တာဝန်ရှိသူများအား မှာကြားပါသည်။
မိုင်တိုင်အမှတ် (၄၅/၂ နှင့် ၄၅/၃) ကြားတွင် တံတားဦးစီးဌာန ၊ တံတားအထူးအဖွဲ့(၁၀) မှ ကြတ်ချောင်းလက်တက်တံတား အဆင့်မြင့် တည်ဆောက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင်အမှတ် (၆၁/၄နှင့် ၆၁/၅) ကြားတွင် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦး က စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ် (AC)လမ်းခင်းနေမှု ၊ လက်ရှိ မိုင်(၂၀)ခင်းပြီးမှု အခြေအနေကိုလည်းကောင်း၊ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူက (AC)လမ်းခင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အရည်အသွေးထိန်းကွပ်ပေးနေမှုနှင့်ပတ်သက်၍ လုပ်ငန်းခွင်အတွင်း ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦး က ဖြည့်စွက်တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက ကတ္တရာကွန်ကရစ် (AC)လမ်းခင်းရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး၊ အလေအလွင့်မရှိစေရေး ၊ လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး လမ်းလွှဲများ ၊ သတိပေးဆိုင်းဘုတ်များ ၊ လမ်းညွှန် အမှတ်အသားများ ၊ ရောင်ပြန်များပြည့်စုံစွာ ဆောင်ရွက်ထားရှိရန် မှာကြားပြီး မိုင်တိုင်အမှတ် (၇၅/၇ နှင့် ၇၆/၀) ကြားရှိ အရှည်(၄၅၀)ပေ ကျန်ကျောင်းတံတား (အသွားလမ်း) တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းသည် ရန်ကုန်မှ မန္တလေးအထိ (၃၆၆)မိုင် (၃)ဖာလုံ ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ပြင်ဆင်ထိန်းသိမ်းခြင်း ၊ ကွန်ကရစ်လမ်းအဆင့်မှ ကတ္တရာကွန်ကရစ်(AC) လမ်းအဆင့်ထိ အပိုင်းလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် Guard Rail များ၊ သတိပေး၊ အသိပေး၊ လမ်းညွှန်ဆိုင်းဘုတ်များ ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့များနှင့် တံတားပြင်ဆင်ထိန်းသိမ်းရေး အဖွဲ့များမှ ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း (အသွား/အပြန်) လမ်းပေါ်ရှိ (၂)လမ်းသွား တံတား အဆင့်မှ (၄)လမ်းသွား တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ယခုလိုဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ပြီး ယာဉ်အန္တရာယ် ဖြစ်ပွားမှုများလည်း လျော့နည်း သက်သာလျက် ရှိပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လမ်းစခန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန၊ အမြန်လမ်း တံတားများတိုးချဲ့ရေး ကြီးကြပ်မှုတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း က ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်ရှိ တံတားများအား (၂)လမ်းသွား တံတားအဆင့်မှ (၄)လမ်းသွား တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု ၊ ရန်ပုံငွေရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းသိမ်းရေး) ဦးသိန်းမြင့်မွန် က ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦး က ရန်ကုန် – မန္တလေး အမြန်လမ်း(အသွား/အပြန်) မိုင်တိုင်အမှတ် (၀/၀)မှ (၃၆၆/၃)အတွင်း ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ ကတ္တရာကွန်ကရစ် (AC)လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရန်ပုံငွေရရှိမှု ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားရှိမှု ၊ အမြန်လမ်းမကြီးနှင့်ချိတ်ဆက်သည့် မြို့များနှင့် ရိုးမ ဖြတ်ကျော်လမ်းများ အခြေအနေ၊ ကုန်ထုတ်လမ်းများ အပိုင်းလိုက် ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦး က ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။
တင်ပြချက်များအပေါ် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီးသည် ရန်ကုန် မှ နေပြည်တော်နှင့် မန္တလေး သို့ အချိန်တိုအတွင်း အလွယ်တကူ အပြန်အလှန် ဆက်သွယ်သွားလာနိုင်သည့် အရေးပါသော လမ်းမကြီးတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ ကွန်ကရစ်လမ်းမှ (AC)လမ်း အဆင့်မြှင့်တင်ခြင်းနှင့် တံတားများကိုလည်း (၂)လမ်းသွား တံတားအဆင့်မှ (၄)လမ်းသွား တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေပါကြောင်း၊ ယခုလို လမ်း၊ တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်းလာလျက် ရှိပါကြောင်း၊ လမ်းအင်္ဂါရပ်နှင့်အညီ အရည်အသွေး စံချိန်စံညွန်း ပြည့်မီရေး ၊ လမ်းနယ်တိုင်များ စနစ်တကျ စိုက်ထူရေး ၊ လမ်းဘေးရေနုတ်မြောင်းများ ဆောင်ရွက်ရေး ၊ ရဲနွယ်မှ ဖြူးအကြားတွင် လမ်းဘေးနှင့် လမ်းနယ်သစ်ပင်များ ထပ်မံစိုက်ပျိုးပေးရေးတို့အား အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။