အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း လမ်းဖွင့်ပွဲ

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ် ဘားအံခရိုင်နှင့် ကော့ကရိတ်ခရိုင်တို့ကို ဆက်သွယ်သည့် အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း လမ်းဖွင့်ပွဲအခမ်းအနားကို (၂၂-၅-၂၀၂၁)ရက်နေ့တွင် COVID-19 လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦး ၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းသည် ကရင်ပြည်နယ် ဘားအံခရိုင်နှင့် ကော့ကရိတ်ခရိုင်တို့ကို ဆက်သွယ်ထားသော လမ်းဖြစ်ပြီး အရှည် (၆၄.၇၃၅)ကီလိုမီတာ ရှိပါကြောင်း။
အဆိုပါလမ်းသည် မဟာမဲခေါင်ဌာနခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East West Corridor)၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင် အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံလမ်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းသည် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ အပိုင်းတို့သည် အာရှလမ်းအဆင့် (AH Standard Class 2) အထိ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခု အိန္ဒု-ကော့ကရိတ် လမ်းအပိုင်းတစ်ခုသာ လမ်းအဆင့်မြှင့်တင်ရန် ကျန်ရှိနေသဖြင့် အဆိုပါလမ်းအပိုင်းကို ရာသီမရွေး သွားလာနိုင်သည့် နိုင်ငံတကာ အဆင့်မီ Asian Highway Standard Class 2 သို့ အဆင့်မြှင့်တင် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။
စီမံကိန်းလမ်းမှာ သတ်မှတ်အမြန်နှုန်း တစ်နာရီလျှင် (၈၀)ကီလိုမီတာ သွားလာနိုင်သော (၂)လမ်းသွား ကတ္တရာကွန်ကရိလမ်း ဖြစ်ပါကြောင်း၊ လမ်းတစ်လျှောက်ရှိ တံတား(၁၈)စင်း ကိုလည်း Prestress Girder ဖြင့် ကွန်ကရိတံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ထားပါကြောင်း၊ ၎င်းအပြင် (၆၇၀)မီတာ အရှည်ရှိသည့် ကျုံဒိုးဆိပ်ကမ်းပတ်လမ်းအား (၅.၅)မီတာအကျယ် ကွန်ကရိလမ်း အဖြစ် အဆင့်မြှင့်တင်တည်ဆောက်ထားပါကြောင်း။

အိန္ဒု-ကော့ကရိတ် လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပမာဏ အများဆုံးစီးဆင်းရာလမ်းဖြစ်၍ ကောင်းမွန်သောလမ်းပန်းဆက်သွယ်ရေးကြောင့် ကုန်စည် စီးဆင်းမှုမြန်ဆန်လာပြီး ဒေသတွင်းနှင့် နိုင်ငံတကာယာဉ်များအတွက် သယ်ယူပို့ဆောင်မှုစရိတ် လျှော့ချ စေနိုင်မည်ဖြစ်ပါကြောင်း။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်စေ၍ ဆင်းရဲနွမ်းပါးမှုကို လျှော့ချစေနိုင်မည် ဖြစ်ပါကြောင်း၊ ရာသီမရွေး သွားလာနိုင်သည့် လမ်းအမျိုးအစားဖြစ်သဖြင့် မိုးရာသီတွင် နှစ်စဉ် ရေလွှမ်းမိုးမှုကြောင့် ကြုံတွေ့နေရသည့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ကင်းဝေးစေနိုင်မည်ဖြစ်ပါကြောင်း ၊
ကရင်ပြည်နယ်အတွင်းရှိ လမ်း၊တံတားများအား တိုးတက်ပြုပြင် အဆင့်မြှင့်တင် ပေးနိုင်သည့်အတွက် ကရင်ပြည်နယ်သူ ပြည်နယ်သားများ တစ်နေရာမှ တစ်နေရာ လွယ်ကူစွာ သွားလာနိုင်ကြပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာသည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ တိုးတက်တည်ဆောက်ပေးသည့် လမ်း၊တံတားများအား ဒေသခံပြည်သူများက ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ ယခုအဆင့်မြှင့်တင်ထားသည့် လမ်းအား ဒေသခံပြည်သူများက မိမိပိုင်လမ်းကဲ့သို့ သဘောထားပြီး မပျက်စီးအောင် ထိန်းသိမ်းကြရန် အလေးထားတိုက်တွန်း လိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကရင်ပြည်နယ်စီ မံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးက အိန္ဒု-ကော့ကရိတ် လမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကန်ထရိုက်တာနှင့် လုပ်ငန်းအကြံပေးအဖွဲ့များကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ Guidelines များအတိုင်း International Competitive Bidding စနစ်ဖြင့် ခေါ်ယူခဲ့ပြီး လုပ်ငန်းများကို ၂၀၁၇ ခုနစ်၊ ဇန်နဝါရီလတွင် စတင်နိုင်ခဲ့ပြီး ၂၀၂၁ ခုနစ်၊ ဧပြီလတွင် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါကြောင်း။
ယခုစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကျုံဒိုးဆိပ်ကမ်းပတ်လမ်းအား အဆင့်မြှင့်တင်ခြင်းကြောင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်စည်များကို မော်လမြိုင်သို့ အချိန်တိုအတွင်း စရိတ်သက်သာစွာဖြင့် ရေကြောင်းလမ်းမှလည်း သယ်ယူပို့ဆောင်နိုင်သည့် အကျိုးကျေးဇူးကို ရရှိစေမည် ဖြစ်ပါကြောင်း၊ ယခုလို လမ်းဖွင့်လှစ်ပေးသည့် အများပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေမှာဖြစ်ကြောင်း တို့ကို ရှင်းလင်းပြောကြားပါသည်။
၎င်းနောက် ဒေသခံပြည်သူတစ်ဦးက အိန္ဒု-ကော့ကရိတ် လမ်းဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် လမ်းကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကားပြောကြားပါသည်။
ယင်းနောက် အိန္ဒု-ကော့ကရိတ် လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းလမ်းဖွင့်ပွဲအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောခင်မောင်မြင့်နှင့် လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦး တို့က အများပြည်သူ ဖြတ်သန်းအသုံးပြုနိုင်ရန်အတွက် ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပါသည်။
အိန္ဒ-ကော့ကရိတ် လမ်းသည် ကရင်ပြည်နယ် ဘားအံခရိုင်နှင့် ကော့ကရိတ်ခရိုင်တို့ကို ဆက်သွယ်သည့် လမ်းအပိုင်းဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီ၏ အစိတ်အပိုင်းတစ်ခုတွင် ပါဝင်ပြီး ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်သွားလာ နိုင်သည့် နိုင်ငံတကာအဆင့်မီလမ်းအမျိုးအစား ( Asian Highway Standard Class 2)အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ထားပါသည်။ အိန္ဒု-ကော့ကရိတ် လမ်းအပိုင်းသည် အရှည်(၆၄.၇၃၅)ကီလိုမီတာ၊ ယာဉ်သွားလမ်းအကျယ် တစ်ဖက်လျှင်(၃.၅)မီတာ (၂)လမ်းသွားနှင့် လမ်းပုခုံး တစ်ဖက်လျှင်(၁.၅)မီတာပါရှိပြီး နိုင်လွန်ကတ္တရာလမ်း(AC) အမျိုးအစား ဖြစ်ပါသည်။