သုတေသန ဓါတ်ခွဲခန်းများနှင့် ပဲခူးတံတား(ဒါးပိန်-သပြု)အား စစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ (၇-၆-၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အဦ ဆောက်လုပ်ထားရှိမှု၊ အဆောက်အဦအတွင်း ကျေးလက် လမ်းတံတားများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက် လမ်းခင်းပစ္စည်းများ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်မှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။
အဆောက်အဦ ဦးစီးဌာန၏ မြန်မာ-ကိုရီးယား ဆောက်လုပ်ရေးပစ္စည်း စမ်းသပ်စစ်ဆေးရေး အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေး က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အရည်အသွေး ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ရန်၊ အဆောက်အဦ ပတ်ဝန်းကျင် သာယာလှပစေရေး အတွက် ခြံစည်းရိုးများ စနစ်တကျ ကာရံထားရှိရန် တို့ကို မှာကြားပြီး အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆောက်အဦ ဦးစီးဌာန၏ ISO/IEC 17025:2017 ရရှိပြီးဖြစ်သော ဘိလပ်မြေနှင့် ကွန်ကရိ Laboratories ခန်းအတွင်းရှိ ဓါတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေး ခန်းမဆောင်တွင် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးရာ တာဝန်ခံမှ အဆောက်အဦ သုတေသန ဓါတ်ခွဲခန်းများရုံး၏ လုပ်ငန်းတာဝန်များ ၊ ရန်ပုံငွေ ရရှိမှု အခြေအနေ၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ဝန်ထမ်း ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိတာဝန်ထမ်းဆောင်သော ဝန်ထမ်းများ အနေဖြင့် စွမ်းဆောင်ရည် မြင့်မားရေးနှင့် လုပ်ငန်း တာဝန်များ ကျေပွန်အောင် အမြဲကြိုးစား ဆောင်ရွက်ရန် လိုပါကြောင်း ၊ မိမိတို့၏အရည်အသွေး တိုးတက်ရေး သင်တန်းများ တက်ရောက်ရန် လိုပါကြောင်း၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ အမြဲကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ လိုအပ်ချက်များ ရှိပါက ဖြည့်ဆည်းပံ့ပိုး ပေးမည်ဖြစ်ကြောင်း မှာကြားပါ သည်။
ဆက်လက်၍ လမ်းဦးစီးဌာန သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲသို့ ရောက်ရှိပြီး တာဝန်ရှိသူက သဲ/ ကျောက်/ ဘိလပ်မြေ/ ကတ္တရာ ဓါတ်ခွဲနေမှုနှင့် ဓါတ်ခွဲခန်းများ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် တံတားဦးစီးဌာန၊ အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲသို့ ရောက်ရှိပြီး တာဝန်ရှိသူက တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် ဓါတ်ခွဲစမ်းသပ်နေမှု ၊ တံတားများအတွက် မြစ်ကြောင်းအတွင်း ရေအတိမ်အနက် စမ်းသပ်သည့် River Surveyor (M9) တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။
ထို့နောက် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အဆောက်အဦ ၊ လမ်း ၊ တံတား ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်းများအား COVID–19 ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံပါသည်။
ဗဟိုသင်တန်းကျောင်း ( သုဝဏ္ဏ )မှ ကျောင်းအုပ်ကြီး၊ အင်ဂျင်နီယာချုပ် ဒေါ်လှလှသွယ် က သင်တန်းကျောင်း၏ လက်ရှိအခြေအနေ၊ ဆောင်ရွက်နေမှုများအား အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအရ ဆောင်ရွက်လျှက် ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ပထမအချက်ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းများ၊ သတင်းစာများတွင်လည်း တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိများ အနေဖြင့်လည်း မဲစာရင်း ကောက်ရာ၌ ဥပဒေနှင့်ညီညွတ်မှု မရှိသော မှားယွင်းမှုများရှိပြီး မဲပို ၊ လျော့နည်း ၊ ပျောက်ဆုံးနေမှုများ ရှိသည်ကို မိမိတို့ ကိုယ်တိုင်လည်း လေ့လာပြီး မှတ်သား နားလည်စေလိုပါကြောင်း၊ ဒုတိယအချက်အနေဖြင့် COVID – 19 ကာကွယ်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရန် လိုပါကြောင်း၊ တတိယအချက်အနေဖြင့် COVID – 19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို အမြန်ကုစားနိုင်ရန် မိမိတို့အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ အဓိကတာဝန်မှာ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ အဆင့်မြှင့်တင်ပေးရန်နှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အလားတူ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများမှာလည်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးကဏ္ဍတွင်လည်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ထို့အတူ ကျေးလက်နေ ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ စွမ်းဆောင်မှုသည်လည်း အဓိကကျပါကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဉီးစီးဌာန(၅)ခုမှ အရာထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်စေလိုပါကြောင်း ပြောကြား ပါသည်။
အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ က ဝန်ကြီးဌာန၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လက်ရှိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒါးပိန်မြို့နှင့် ပဲခူးတိုင်းဒေသကြီး ၊ သပြုကျေးရွာတို့အား ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန် – သပြု) ချဉ်းကပ်လမ်း (ရန်ကုန်တိုင်းဒေသကြီး အပိုင်း)တွင် အောက်ခံလမ်းသား အလွှာအား Well Graded Material ဖြင့် လမ်းခင်းနေမှု အခြေအနေကို နှင့် ကတ္တရာ ကွန်ကရစ်(AC) ခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပါသည်။
တံတားရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့(၁၀)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးသက်ထွန်း က တံတားတည်နေရာ၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ အဆင့်ဆင့်
ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ Max Myanmar Co.,Ltd မှ တာဝန်ရှိသူက တံတားချဉ်းကပ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) ကတ္တရာကွန်ကရစ် (AC)ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး တံတားတည်ဆောက် ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပါသည်။
ပဲခူးမြစ်ကူးတံတား (ဒါးပိန် – သပြု)သည် ဆားတလင်း- ဒါးပိန်- ကျွဲကူးဆိပ်လမ်းနှင့် သပြု- ရှမ်းကံ- ကဝ လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် (၃၂၀)မီတာ၊ ယာဉ်သွားလမ်းအကျယ် (၈.၅ )မီတာ ၊ လူသွားလမ်းတစ်ဖက်လျှင် (၁)မီတာစီ ပါရှိပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ် (၅၄.၆)မီတာ ၊ အမြင့် (၇.၂၆)မီတာ ရှိကာ တံတား၏ ခံနိုင်ဝန်မှာ H.S–25 ဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သပြု – ရှမ်းကံ – ကဝလမ်း အခြေအနေကို လည်းကောင်း၊ ပဲခူးမြို့မှတဆင့် ရန်ကုန် – ပဲခူး – တောင်ငူ – မန္တလေး ပြည်ထောင်စုလမ်းမကြီး (ပဲခူး – ညောင်လေးပင် အပိုင်း) လမ်းအခြေအနေကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ရုံးအဆောက်အဦနှင့် Mini Lab အခန်းတွင် သံချောင်းနှင့် ကွန်ကရစ် ခံနိုင်ဝန် စမ်းသပ်မှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့ပါသည်။