လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး တံတားဦးစီးဌာန အစည်းအဝေး

ဆောက်လုပ်ရေးဝန်းကြီးဌာန၏ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး ၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တံတားဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂-၅-၂၀၂၁)ရက်နေ့တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ စုဝေးခန်းမ၌ COVID – 19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပပါသည်။
ရှေ့ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က အဖွင့်အမှာ စကားပြောကြားရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဓိကတာဝန်မှာ လမ်းတံတားများအား ကောင်းမွန်အောင် ထိန်းသိမ်းရန် ၊ တိုးတက်အောင် ဆောင်ရွက်ရန် ၊ အဆင့်မြှင့်တင်ရန်တို့ ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့်နေရာမှာ တပြေးညီ စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမှာ ဖြစ်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ဘောင်အတွင်းမှ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် Time ၊ Cost ၊ Quality သည် အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ ပစ္စည်းအားလုံး တင်ဒါခေါ်ယူရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်း ၁/၂၀၁၇ ကို အပြည့်အဝလိုက်နာရန် အရေးကြီးပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ပေးအပ်ချက်အရ အရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ တာဝန်ယူမှု ၊ တာဝန်ခံမှုများအား အလေးထား လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ မကြာမီ မိုးရာသီ ရောက်တော့မည်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အမြဲတမ်း ကြုံတွေ့နေရသည့် သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ကြုံတွေ့နိုင်ပါကြောင်း၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် အလေးထားဆောင်ရွက်သွားရန် လိုပါကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်က ဝန်ကြီးဌာန၏ ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ရုံးတွင်းစာရွက်စာတမ်းများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
၎င်းနောက် အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦး က ဝန်ကြီးဌာန၏ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် က တံတားတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်မှု အခြေအနေ၊ လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေး၊ ရန်ပုံငွေလျာထားမှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါ သည်။
တာဝန်ခံ အင်ဂျင်နီယာချုပ်များနှင့် ညွှန်ကြားရေးမှူး များမှ မိမိတို့ တာဝန်ယူဆောင်ရွက်သော တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပါသည်။