လမ်းတံတားများဖွံ့ဖြိုးတိုးတက်ရေး လမ်းဦးစီးဌာန အစည်းအဝေး

ဆောက်လုပ်ရေးဝန်းကြီးဌာန၏ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး ၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လမ်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၄-၅-၂၀၂၁)ရက်နေ့တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ COVID – 19 ညွှန်ကြားချက်များနှင့် အညီ Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကျင်းပပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က လမ်းဦးစီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာ တွင် COVID – 19 ကပ်ရောဂါကြောင့် လုပ်ငန်းများနှောင့်နှေးခြင်း၊ ပစ္စည်းဈေးနှုန်းများ ပြောင်းလဲမှုကြောင့် တင်ဒါခေါ်ယူထားပြီး ဆောင်ရွက်နိုင်ခြင်း မရှိသည့် လုပ်ငန်းများ၊ ငွေပေးချေမှု ပုံစံ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ယနေ့အစည်းအဝေး မှာ ဆွေးနွေးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ခေတ်နည်းပညာများသည် ကမ္ဘာပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲတိုးတက် မှုများ ဖြစ်ပေါ်နေပါကြောင်း၊ နည်းပညာ တိုးတက်ပြောင်းလဲမှုကို မျက်ခြေမပြတ်စေရေးအတွက် ဌာနအတွင်း အင်ဂျင်နီယာများနှင့် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ၊ Capacity Development Program များကိုဆောင်ရွက်ရာတွင် “ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် ”နှင့် “ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ ” ရေးဆွဲဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း ၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် “ လူ့စွမ်းအားအရင်းအမြစ်တန်ဘိုး ” မြင့်တက်လာမှာဖြစ်ပြီး အဆိုပါ တန်ဖိုးများသည် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် အကျိုးရှိမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေးအတွက် “Quality Management System” ကို တည်ဆောက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း ကိစ္စရပ်များတွင်လည်း Corrective Maintenance မှ Preventive Maintenance သို့ ပြောင်းလဲစေရန် ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းပြောင်း လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊ ဘဏ္ဍာရေးကျင့်စဉ်များ နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းအားလုံးသည် အဂတိလိုက်စားမှု ကင်းစင်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် တစ်ပြိုင်နက်တည်း လမ်း/ တံတား အခွန်အခများ တိုးတက်ရရှိစေရန် B.O.T Task Force များ ဖွဲ့စည်းပြီး B.O.T ကုမ္ပဏီများကို စည်းကမ်းတကျကြီးကြပ်ကာ လမ်းမကြီးများ အဆင့်မြှင့်တင်ခြင်းနှင့် အခွန်အခများ အပြည့်အဝ ရရှိရေးကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လမ်းနယ်နိမိတ်ကိစ္စ၊ ကျူးကျော်များ ကိုလည်း ဥပဒေနှင့်အညီ တစ်ဆင့်ခြင်း စနစ်တကျ ဖြေရှင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ မှလည်း လမ်းညွှန်ထားပါကြောင်း ၊ ထို့ကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ပူးပေါင်း၍ လမ်းဘေး ဝဲ/ယာ တစ်လျှောက်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရေးအတွက် ဒေသနှင့် လိုက်လျောညီထွေရှိသည့် သစ်ပင်ကြီးများကို မိုးရာသီတွင် စီမံချက်ချ၍ စိုက်ပျိုးပေးရန် လိုပါကြောင်း ၊ ယနေ့ဆွေးနွေးပွဲတွင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြကာ ရလဒ်ကောင်း များရရှိပြီး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဖြင့် ပြောကြားပါသည်။
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)များက လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု ၊ လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် အခက်အခဲများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် တစ်ခုချင်းအလိုက် အသီးသီး ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းလိုအပ်ချက်များ ဖြည့်စွက်ရှင်းလင်း တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။